October 14, 2024

၁၄. ၁၀. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် ထပ်မံတင်ပို့နိုင်ခဲ့၍ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအား လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ပြီးနောက် လစဉ်တင်ပို့ရန်လျာထားချက် တန်ချိန် ၂ သိန်းကျော် နှစ်လဆက်တိုက်ပြည့်မီခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း (တစ်လလျှင် တန်ချိန် ၂ သိန်းကျော်) တင်ပို့ရန်လျာထားခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက်တန်ချိန် ၂ သိန်းကျော် ပြည့်မီအောင် မတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိသာ ပြင်ပတွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ရာမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်မှစတင်၍ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း ဗဟိုဘဏ်မှ ဖြေလျှော့ပေးခဲ့ပြီးနောက် စတင်ဖြေလျှော့ပေးသည့် ဩဂုတ်လ၌ပင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပထမဆုံးလျာထားချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၁၉,၅၆၅ အထိ ထပ်မံတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၀၄ သန်းရရှိခဲ့သောကြောင့် ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် နှစ်လဆက်တိုက် ပြည့်မီခဲ့ခြင်းလည်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်အစ လေးလဖြစ်သော ဧပြီလမှ ဇူလိုင်လအထိ လစဉ်ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာ ဧပြီလတွင် တန်ချိန် ၁၁၁,၈၆၂ တန်တင်ပို့မှုမှ ဒေါ်လာ ၅၅ သန်း၊ မေလတွင် တန်ချိန် ၇၁,၂၇၉ ဒသမ ၅ တန်တင်ပို့မှုမှ ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် တန်ချိန် ၁၆၂,၃၂၅ ဒသမ ၇၅ တန်တင်ပို့မှု ဒေါ်လာ ၈၄ သန်းနှင့် ဇူလိုင်လတွင် တန်ချိန် ၁၆၅,၄၄၀ ဒသမ ၃ တန်တင်ပို့မှု ဒေါ်လာ ၈၁ သန်းရရှိခဲ့သည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၉၃၇,၈၄၆ တန် တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၄၅၈ သန်း ရရှိထားသည်။ သို့သော် အဆိုပါပမာဏသည် ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်၏ ၃၇ ရာခိုင်နှုန်းကျော်အထိသာ တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *