October 14, 2024

၁၃.၁၀.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသော အလယ်တန်းပြကျောင်းဆရာကို ကားဖြင့်တိုက်ကာ ထွက်ပြေးခဲ့သော ယာဥ်မောင်းအမျိုးသား လူငယ်တစ်ဦးကို ၂ ရက်အကြာ အောက်တိုဘာလ ၁၃ ရက်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

​အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ရှမ်းရှေ့တန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ အသက် ၆၈ နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာဦးတင်နိုင်ထွဋ် စီးနင်းလာသောဆိုင်ကယ်ကို Alphard အနက်ရောင်ယာဥ်က ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ကျောင်းဆရာ သေဆုံးခဲ့သည်။

ဆိုင်ကယ်ကို ကားဖြင့်တိုက်၍ မောင်းနှင်ထွက်ပြေးခဲ့သူမှာ အသက်၂၄ နှစ်အရွယ် စိုင်းကော်ခမ်းဖြစ်ပြီး ဝမ်းလုံးကျေးရွာရှိနေအိမ်တွင် မော်တော်ယာဥ်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“CCTV မှတ်တမ်းတွေကို ရဲတပ်ဖွဲ့က စစ်ဆေး​တဲ့အ​ပြင် စုံစမ်းမေးမြန်းတဲ့အခါမှာလည်း သူ့ကားက ဟောင်လိတ်ကနေ မယ်ယန်းစစ်ဆေးရေးဂိတ်ဘက်ကို မောင်းသွားတယ်လို့ သိရတယ်။ မယ်ယန်းဂိတ်မှာလည်း ကားကမဖြတ်ဘူး။ ဒါကြောင့် ဂိတ်အနီးနားက ရွာတွေမှာပဲ ရှိနိုင်တယ်ဆိုပြီးရှာရာကနေ သူ့ကိုအိမ်မှာပဲ ကားနဲ့အတူမိတာ။ ကားကိုလည်း နံပါတ်ပြား အမျိုးမျိုးနဲ့ပြောင်းစီးပြီး သွားလာနေတာ”ဟု ရဲတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းမိထားသော ယာဥ်မောင်းအမျိုးသားကို ဟောင်လိတ်နယ်​မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ- ၂၇၉/၃၀၄(က)/၂၁၂ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *