October 14, 2024

၁၃.၁၀. ၂၀၂၄
Written by Shwe Phyo

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် စိုက်ပျိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ငွေကြေးပေးချေမှုစနစ် QR Code Payment စနစ်များအပါအဝင် သဘောတူစာချုပ် ၁၀ ခု လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံကြားအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ကြိုးပမ်းလျက်ရှိနေချိန်တွင် တရုတ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် လီချန်က ဗီယက်နမ်နိုင်ငံသို့ သုံးရက်ကြာချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများကို အဓိကရရှိသောရင်းမြစ်နေရာဖြစ်သည်။ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးသည် တဖြည်း ဖြည်းမြင့်တက်လာခဲ့ရာ ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုက ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၄၈ ဘီလျံအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ်သည် ဗီယက်နမ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်အတွက် QR Code Payments စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

တရုတ်ဝန်ကြီးချုပ်သည် ဗီယက်နမ်သမ္မတနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံကြားစိုက်ပျိုးရေးလုပ်ငန်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်ဝန်ကြီးချုပ်သည် ဗီယက်နမ်အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် ဆက်သွယ်ဖောက်လုပ်မည့် မီးရထားလမ်းအတွက် လေ့လာသုံးသပ်မှုစစ်တမ်းများ လုပ်ဆောင်ရန်သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံကြား မီးရထားလမ်းချိတ်ဆက်ဆောင်ရွက်မှုများပိုမိုကောင်းမွန်စေရန် စိတ်ဝင်စားနေကြောင်းသိရပြီး ဗီယက်နမ်နှင့် တရုတ်နိုင်ငံကြား ချိတ်ဆက်ဖောက်လုပ်မည့် မီးရထား လမ်းသည် ကူမင်းမြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်း၊ ဗီယက်နမ်နိုင်ငံ Haiphong မြို့ဆိပ်ကမ်းသို့ ချိတ်ဆက်ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

REf, bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *