October 14, 2024

၁၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

ရေဘေးကြောင့် အိုးအိမ်ပျက်စီးမှုများအတွက် ပျက်စီးမှုပမာဏအပေါ်မူတည်ပြီး ထောက်ပံ့နိုင်ရေး စီစဉ်ပြီးဖြစ်၍ လက်ဝယ်အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။

အသက်ဆုံးရှုံးရသူများအတွက် ဦးစားပေးအဖြစ် ကျန်ရစ်သူမိသားစုများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေးနေမှုအပြင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေများကပါ ထပ်ဆောင်းလျက် ပျမ်းမျှ တစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်သကဲ့သို့ အိုးအိမ်ပျက်စီးမှုများအတွက်လည်း ပျက်စီးမှုပမာဏအပေါ်မူတည်၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးစီစဉ်ပြီးဖြစ်သဖြင့် လက်ဝယ်အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင်မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် နှစ်ပေါင်း(၈၀)ကျော်၊ (၁၀၀)အတွင်း မကြုံစဖူး ခံစားခဲ့ရခြင်းဖြစ်သည်။

မိုးသည်းထန်မှုကြောင့် လျှပ်တစ်ပြက်ရေကြီးပြီး တောင်ကျရေများ အရှိန်အဟုန်ပြင်းစွာ စီးဆင်းကာ တောင်ကျရေနှင့်အတူ ပါလာသည့် သစ်ပင်သစ်တုံးများ၊ ကျောက်တုံး ကျောက်ခဲများ၊ နုန်းအနည်အနှစ်များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၈၀,၀၀၀ ကျော်၊ လူဦးရေတစ်သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး/ပျောက်ဆုံးသူ ၅၂၀ ဦးရှိခဲ့ကြောင်း၊ တိရိစ္ဆာန်ပေါင်း ၁၈၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး စပါးနှင့်သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိခိုက်ခဲ့ရသကဲ့သို့ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး အစရှိသည့်ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပုဂ္ဂိုလ်တစ်ဦးခြင်း၊ အဖွဲ့အစည်းတစ်ခုခြင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အလှူငွေများကို လှူဒါန်းလျက်ရှိရာ ယနေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေရရှိမှုအနေဖြင့် ငွေကျပ် ၅၂ ဘီလျံကျော် ထည့်ဝင်လှူဒါန်းကြရာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *