October 14, 2024

၁၃.၁၀.၂၀၂၄
Written by Hey Mar

လမ်းဘေးမှာရပ်ထားတဲ့ ကားနောက်ပိုင်းကို မီနီအိုးဝေက အရှိန်နဲ့ဝင်တိုက်လို့ အိုးဝေယာဉ်မောင်းနဲ့ ခရီးသည် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

ဖြစ်စဉ်က ဥက္ကံမြို့၊ သိမ်ကုန်းကျေးရွာအနီး၊ ရန်ကုန်-ပြည်လမ်း‌ပေါ်မှာ ဖြစ်ပွားခဲ့ပြီး မီနီအိုးဝေယာဉ်က လမ်းဘေးမှာရပ်ထားတဲ့ NISSAN DIESEL ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ကို မြေပြင်အကူအညီပူးပေါင်းကူညီ‌ပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက “ဒီဘက်မှာက မီနီအိုးဝေတွေက ဂျိန်းစ်ဘွန်းကားထဲကလို မောင်းကြတာ၊ အခုလည်း အရှိန်လွန်မောင်းရင်း လမ်းဘေးရပ်ထားတဲ့ ကားကိုဝင်တိုက်တာ ဖြစ်ပုံရတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကို ဥက္ကံနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်‌တွေနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း‌တွေ ထွက်ခွာဆောင်ရွက်ခဲ့ကာ မီနီအိုးဝေယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ခရီးသည် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ကို မေတ္တာရေစင် လူမှုကူညီရေးအသင်းသူနာတင်ယာဉ်နဲ့ ဥက္ကံတိုက်နယ်ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *