October 14, 2024

၁၃.၁၀. ၂၀၂၄
Written by Shwe Phyo

ဆင်းရဲမွဲတေမှုများ လျှော့ချနိုင်ရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာ နိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကိုကျေးရွာအဆင့် စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပြုလုပ်သောစီမံကိန်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အုန်းပင်ဆု ကျေးရွာတွင် စံပြကျေးရွာစီမံကိန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေးထား စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်း၊ ဘက်စုံကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးရေးလုပ်ငန်းစီမံကိန်းများ၏ အတွေ့အကြုံများ၊ အကျိုးရလဒ်များကိုအခြေခံပြီး ယခုစီမံကိန်းကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သမဝါယမ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောကြားသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင်အဖွဲ့ဝင်နိုင်ငံများအဖြစ် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် စီမံကိန်းကို ၂၀၂၄ ခုနှစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေမှ ကူညီထောက်ပံ့ပေးသောငွေကြေးဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၌ အသေးစားနှင့်အလတ်စား ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများ လုပ်ဆောင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

REf Xinhua

Leave a Reply

Your email address will not be published. Required fields are marked *