October 14, 2024

၁၃.၁၁.၂၀၂၄
Written By Thandar
 
ရင်မှာအရင်တိုင်း တေးသီချင်းနဲ့ ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ အဆိုတော် အစ္စဏီကတော့ မွေးနေ့အမှတ်တရအနေနဲ့ လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ ပြုလုပ်မယ့် One Man Show & Birthday Celebration ကို လက်ရှိကာလမှာ လုပ်ရတဲ့အတွက် နားလည်ပေးပါလို့ဆိုပါတယ်။

“ကျွန်တော့်ကို ပျောက်နေတယ်ပြောကြပေမယ့် Music နဲ့ နီးစပ်နေရလို့ပါ။ ကျွန်တော့် မွေးနေ့လေးကိုလည်း ရင်ခုန်နေပြီဗျာ။ ပြီးတော့ ခေတ်အခြေအနေကြည့်ရင်းနဲ့ ကျွန်တော့်ရဲ့ သီချင်းတွေဟာ ရှေ့မထွက်လာခဲ့ပါ ဘူး။ ဘာပဲပြောပြော ဒီ BD Show လေးမှာ ကျွန်တော့်ကိုယ်ပိုင် Banner7 Music Band နဲ့အတူတူ သီချင်း အသစ်တွေရော၊ သီချင်းအဟောင်းတွေရော အကောင်းဆုံး ကြိုးစားထားပါတယ်ခင်ဗျာ။ မကြာမီမှာလည်း ပရိသတ်တွေ ကျွန်တော့်ရဲ့ သီချင်းတွေကို ခံစားရတော့မှာပါ။ ဒီပွဲလေးမှာ ကျွန်တော့်ကို ခင်မင်တဲ့သူတွေနဲ့အတူ ကျစ်ကျစ်လျစ်လျစ်လေး ဖျော်ဖြေမှုအတွက်ကိုလည်း အားနာမိပါတယ်။ ခုကာလမှာ လုပ်ရတဲ့အတွက်လည်း နားလည်ပေးစေချင်ပါတယ်”လို့ အဆိုတော် အစ္စဏီကပြောပါတယ်။

သူဟာ မကြာသေးခင်က “တကယ်တော့ ကိုယ့်တစ်ယောက်တည်း” သီချင်းသစ် ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အစ္စဏီကတော့ ကိုယ်ပိုင် Banner7 Music Band နဲ့အတူ တေးသီချင်းတွေကို ပရိသတ်အတွက် အကောင်းဆုံးအရာတွေကိုပဲ ပေးအပ်သွားဖို့ အများကြီး ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဂီတလောကထဲရောက်ပြီး လုပ်ချင်ခဲ့တဲ့အရာအိပ်မက်တွေရှိပေမယ့် အကောင်အထည် မပေါ်သလိုဖြစ်သွားတယ်။ ပေါ်လာလိုက် ပျောက်လိုက် ဖြစ်သွားတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ တကယ်တော့လည်း ပြန်တည်ဆောက်ရတာ မလွယ်ပါဘူး။ ယုံကြည်မှုတွေ ပျောက်ဆုံးတာတွေလည်း ရှိပါတယ်။ ခုချိန်မှာ ကြိုးစားနေတုန်းပါပဲ။ အားငယ်ချိန်မရှိပေမယ့် ကိုယ့်ပရိသတ်တွေက ကိုယ့်ဘက်ကရှိနေပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *