၁၃.၁ဝ.၂ဝ၂၄
Written by K Pyay Thein
အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ တမူး-မိုးရေးဂိတ်ပြန်မဖွင့်သေးလို့ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေတယ်လို့ ဒေသခံကုန်သည်တွေက ပြောပါတယ်။
“နယ်စပ်ဂိတ်တွေက ပြန်မဖွင့်သေးဘူးလေ။ အိန္ဒိယဘက်မှာလည်း ပြန်မဖွင့်ပေးဘူး။ ကုန်သွယ်မှုက အရင်လိုပြန်မကောင်းသေးဘူး။ အင်ရ အချိန်အကန့်အသတ်နဲ့ ခေါင်းရွက်
စျေးသည်တွေကို နားလည်မှုနဲ့ ဝင်ခွင့်ပေးသေးတယ်။ ခုက အဲ့လို ဝင်ခွင့်မပေးတော့ဘူး။ ဈေးလေးသွားရောင်းတဲ့အချိန် တောင် ခိုးဝင်၊ ခိုးထွက်လုပ်နေရတယ်။ ဟိုလို ကုန်သွယ်ရေးကြီးကတော့ အရင်လို ပြည့်ပြည့်ဝဝကြီး ကုန်သွယ်မှုလုပ်လိုရတာမျိုးတော့မရှိသေးပါဘူး”လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ဒေသခံကုန်သည်တစ်ဦးက MT News ကိုပြောပြပါတယ်။
လက်ရှိကာလ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ နယ်မြေဒေသအခြေအနေတွေကြောင့် တမူးမြို့ကနေ ရန်ကုန်မြို့ဆီကုန်းလမ်းကြောင်းကနေ ကုန်သွယ်မှုပြုလုပ်တာထက် လေယာဥ်နဲ့ပဲ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းတွေကို တင်ပို့လုပ်ကိုင်နေကြရတယ်လို့လည်း ဒေသခံကုန်သည်တွေက ဆိုပါတယ်။
“အခုက ကားလမ်းကြောင်းက သိပ်အဆင်မပြေဘူး။ မဟာမြိုင်ဘက်တွေလည်း လမ်းတွေက ပိတ်ထားတယ်လေ။တိုက်ပွဲတွေလည်းရှိတော့ ကုန်ပို့ချင်ရင် ကလေးမြို့ကနေပဲ
ရန်ကုန်ကို လေယာဥ်နဲ့တင်ရတာပေါ့။ အဲ့လိုပို့တော့ စရိတ်စကက ပိုကြီးသွားတယ်။ ကုန်ကျစရိတ်က နှစ်ဆ၊ သုံးဆလောက်ဖြစ်သွားတယ်။ နောက်တစ်ချက်က အခုကာလမှာ ကုန်ပို့လိုက်ရင်လည်း လမ်းမှာ အချိန်အားဖြင့် နည်းနည်းတော့ကြာတတ်တာပေါ့။ အဲ့လိုအပိုင်းတွေတော့ရှိပါတယ်”လို သူက ဆက်ပြီး ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံတွေထဲ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေက အများဆုံးကုန်သွယ်မှုတွေပြုလုပ်နေကြပြီး အဲ့ဒီအိမ်နီးချင်းသုံးနိုင်ငံနဲ့ပဲ နယ်စပ်ကုန်သွယ်ရေးတွေအများဆုံးရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးဟာ မြန်မာ့စီးပွားရေးအတွက် အဓိကအရေးပါတဲ့ ကုန်သွယ်ရေးကဏ္ဍတစ်ခုမှာ ပါ၀င်နေတာဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။ ဒီလိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် တရားမဝင်ကုန်သွယ်မှုတွေဟာလည်း မြင့်တက်လာခဲ့တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။
ပုံစာ – အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တစ်ခုအားတွေ့ရစဥ်(Photo- CJ)