October 15, 2024

၁၃.၁၁.၂၀၂၄
Written By Thandar

၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့ အောက် တိုဘာ ၁၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနဲ့အတူ တာဝန်ရှိသူများမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ နာယကကြီးများ၊ တာဝန်ရှိသူတွေနဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

“ဖြတ်သန်းခဲ့တဲ့ အနုပညာသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေချစ်တဲ့ အနုပညာရှင်တွေဟာ ပြည်သူတွေအတွက်ကော နိုင်ငံတော်အတွက်ကော နှစ် ၁၀၄ နှစ်တိုင်တိုင် အနုပညာနဲ့ ပေးဆပ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း ရင်ထဲက ခံစားမိပါတယ်။ ကျွန်တော် ချစ်ခင်ရတဲ့ အနုပညာရှင်ကြီးတွေကို ကျန်းကျန်းမာမာ မြင်တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့မှာဆိုရင် ရုပ်ရှင်လောကကြီးကလည်း ပုံမှန်အနေအထားထက်တောင် ကျော်လွန်တဲ့ အနေအထားတစ်ခုကို ရောက်ရှိလာပြီဖြစ်တယ်။ ပုံမှန်အနေအထားထက် ကောင်းမွန်တဲ့ အနေအထားရအောင် ကြိုးပမ်းခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ”လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

အဆိုပါ ၁၀၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နှင့် ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ အကယ်ဒမီ အောင်လွင်၊ အကယ်ဒီ ဒေါ်မြင့်မြင့်ခင်၊ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေ၊ ဒါရိုက်တာ သရုပ်ဆောင် ဦးနှင်းမိုး၊ ဒါရိုက်တာ မင်းသား ဦးဌေးအောင်၊ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း၊ မင်းသား ဦးကြည်စိုး၊ တစ်သက်တာဆုရှင် ဦးအောင်မြင့်မြတ်၊ အကယ်ဒမီ ထွန်းထွန်းဝင်း၊ အကယ်ဒမီ ဦးငြိမ်းမင်း၊ အကယ်ဒမီ ပန်းချီစိုးမိုး၊ အကယ်ဒမီ ဒေါ်မြတ်မွန်၊ အကယ်ဒမီ ကြည်စိုးထွန်း၊ အကယ်ဒမီ ချိုပြုံးတို့နဲ့ အတူ ကန်တော့ခံပုဂ္ဂိုလ်ဝါရင့်အနုပညာရှင်၊ အတတ်ပ ညာရှင် ၁၃၉ ဦးအား ဂါရဝပြု ပူဇော်ကန်တော့ခဲ့ကြပါတယ်။

ကန်တော့ခံပုဂ္ဂိုလ်ဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင်တွေကို တစ်ဦးလျှင် ငွေသား ကျပ် ၄ သိန်းကျော်နဲ့ အတူ ဆေးဝါးပစ္စည်းတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ တာဝန်ရှိသူတွေ၊ အနုပညာရှင်တွေက ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။ အနုပညာရှင် အတတ်ပညာရှင်လောကသားတွေကလည်း စတုဒိသာအလှူအနေနဲ့ မုန့် ၊ ထမင်း ၊ အအေး၊ နို့စိမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ဖာလူဒါ စတာတွေကျွေးမွေးဧည့်ခံကြပါတယ်။

သက္ကရာဇ် ၁၉၂၀ခုနှစ် အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ၁၀၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၄၆ ကြိမ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ကန်တော့ခံသက်ကြီး ၁၈၀ နီးပါးကို ဂါရဝပြု ကန်တော့ခဲ့တာဖြစ်ပြီး ကန်တော့ခံ ရုပ်ရှင်သက်ကြီး ပုဂ္ဂိုလ်အနေနဲ့ အသက် ၇၀ နှစ်အထက်ရှိသူ၊ အနုပညာလုပ်သက် သက်တမ်း အနှစ် ၂၀ ရှိသူဖြစ်သူတွေလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *