October 15, 2024

၁၃. ၁၀. ၂၀၂၄
Written by Nay Moe

လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်သူဝင်းနှင့် ယာဥ်မောင်းကို GVW PDF(Golden Valley Warriors) အဖွဲ့က ယနေ့ လုပ်ကြံခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်။

အဆိုပါလုပ်ကြံမှုကို လှိုင်သာယာတွင် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်၌ ပြုလုပ်ခဲ့သော Mission အောင်မြင်ခဲ့ပြီး PDF များ လုံခြုံပြီ ဖြစ်သည်ဟုလည်း ဖော်ပြသည်။ ထို့အတူ လုပ်ကြံသတ်ဖြတ်မှုကျုးလွန်သည့် GVW ကို ထောက်ခံအားပေးသော မီဒီယာများတွင်လည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း ၉ နာရီခန့်က လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ လက်ရှိတွင် ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ၎င်း၏ကိုယ်ရေးအရာရှိတို့ကိုဆေးရုံကားဖြင့်သယ်ဆောင်သွားကြောင်း၊ ဦးကျော်သူဝင်း (ခ) ရွှေမန်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဖော်ပြထားသည်။

သို့သော် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော မီဒီယာများနှင့် NOM တွင်မူ “လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်၊(၁၁) ရပ်ကွက်၊​ အောင်မင်္ဂလာ​ကျောင်းဝိုင်း၊ မုခ်ဦးလမ်း​ဘေး၊သာသနာ့ဝုဃိသိမ်​တော်ကြီးဝင်းအတွင်းတွင်​အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်၌ လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်ဦး​ရွှေမန်းကို PDF အကြမ်းဖက်သမားက​သေနတ်ဖြင့်ပစ်ခတ်ခဲ့​ကြောင်း၊ ဦး​ရွှေမန်းသည်သိမ်​တော်ကြီးအတွင်း သန့်ရှင်း​ရေးပြုလုပ်ရန် အ​ဖော်နှစ်ဦး၊ ယာဥ်​မောင်းတို့နှင့်အတူ သိမ်​တော်ကြီး​ရှေ့တွင်ကားရပ်ပြီး ကား​ပေါ်မှဆင်းချိန်တွင် အသက် ၂၅ နှစ်ခန့် အင်္ကျီအညိုကွက်၊ ပုဆိုးဝတ်ဆင်ထားပြီး Mask အမဲတပ်ထားသည့် PDF အကြမ်းဖက်သမားက ယာဥ်၏​ခေါင်းပိုင်းသို့လမ်း​လျောက်လာပြီး ပစ္စတိုဖြင့် ၈ ချက်ပစ်ခတ်ခဲ့ရာ ပစ်ခတ်မှု​ကြောင့် ယာဥ်​မောင်းသန့်ဇင်ထက်တွင် ဝဲရင်အုံတစ်ချက်၊ ဝဲလက်​မောင်းတစ်ချက်ကျည်ထိဒဏ်ရာများရပြီး ဦး​ရွှေမန်းကိုထိမှန်ခြင်းမရှိ​ကြောင်း၊
ကျည်ထိမှန်ဒဏ်ရာရ​သောယာဥ်​မောင်းကို လှိုင်သာယာ​ဆေးရုံသို့ပို့​ဆောင်ထားပြီး ပစ်ခတ်သွား​သောအကြမ်းဖက်လူသတ်သမားကိုပိတ်ဆို့ရှာ​ဖွေ​နေ​ကြောင်း ဖော်ပြထားသည်။

Golden Valley Warriors သည် ရန်ကုန်မြို့ရှိ တပ်နှင့် ဆက်စပ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များအား စာရင်းပြုစု ထောက်လှမ်းထားပြီးလှိုင်သာယာမြိုနယ်ခံလည်း ဖြစ်သည့် ဦးကျော်သူဝင်းသည် မဝင်မနေရစစ်မှုထမ်းစနစ်အတွက် လှိုင်သာယာမြို့နယ်မှ လူငယ် ၈၀၀ ကျော်ကို တပ်ထံ အမည်စာရင်းပေးပို့ခဲ့ပြီး စစ်မှုထမ်းစေခြင်းအတွက် တာဝန်ရှိသူ တစ်ဦးဖြစ်သည်ဟုလည်း GVW က ပြောသည်။

ထို့အတူ ရရှိထားသောအချက်အလက်အများအရ လှိုင်သာယာသည် ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းအများဆုံးထုတ်ပေးသည့် မြို့နယ်အဖြစ် ထိပ်ဆုံးမှရပ်တည်နေပြီး အဆိုပါဖြစ်စဉ်အတွက် အဓိကအဆုံးအဖြတ်ကို လှိုင်သာယာမြို့နယ်စီမီ အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်အတည်ပြုခြင်းဖြစ်ပြီး ယခုလုပ်ကြံခံရသူဦးကျော်သူဝင်း (ခေါ်) ရွှေမန်းသည် ၂၀၂၄ ခုနှစ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာပြီးနောက် ၎င်း၏ စီးပွားရေးအင်ပါယာကိုပါ ချဲ့ထွင်နိုင်ခဲ့ကြောင်း၊ စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ ၊ Convenient store များနှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများဖြင့် တဟုန်ထိုးကြီးပွားလာခဲ့ကြောင်း ၎င်း ပိုင်ဆိုင်သည့် ရွှေမန်းအိမ်ခြံမြေ လုပ်ငန်းသည် စစ်ဘက်အရာရှိတချို့ပါဝင်ပတ်သက်နေပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးကလည်း ငွေကြေးထည့်ဝင်ထားသည့်လုပ်ငန်းဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်များကို အင်အားသုံး ဖယ်ရှားခြင်း ၊ မဝင်မနေရစစ်မှုထမ်းစနစ်အတွက် စက်ရုံ အလုပ်သမားလူငယ်များကိုစစ်တပ်ထဲသို့ စေလွှတ်ခြင်းကြောင့် လှိုင်သာယာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း လှိုင်သာယာမြို့နယ်၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်နေခြင်းကြောင့် မည်သူမှ စောဒက မတက်ရဲဘဲ ၎င်း၏ သတင်းကို PDF များထံတိုင်ကြားလာကြောင်းစသည်ဖြင့် စွပ်စွဲဖော်ပြထားသော်လည်း ထိုစွပ်စွဲချက်များ မှန်ကန်မှုရှိ မရှိကိုမူ MT News က အတည်မပြုနိုင်ချေ။

ပုံစာ။ ဦးကျော်သူဝင်းနှင့် GVW ဝန်ခံချက်။

Leave a Reply

Your email address will not be published. Required fields are marked *