October 15, 2024

၁၃.၁၀. ၂၀၂၄
Written by Shwe Phyo

ရုရှားနှင့်တရုတ်နိုင်ငံတို့သည် အရှေ့တောင်အာရှနိုင်ငံများက ရေးဆွဲထားသည့် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်မူကြမ်းကို ပိတ်ပင်ထားဆီးမှုများရှိခဲ့ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။

အရှေ့တောင်အာရှနိုင်ငံများက ရေးဆွဲထားသည့် အဆိုပြုချက်မူကြမ်းထဲတွင် အငြင်းပွားမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သောရည်ရွယ်ချက်တွင် သုံးစွဲသော ဘာသာစကားအပေါ် ပိတ်ပင်တားဆီးခြင်းမျိုးဖြစ် ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

လာအိုနိုင်ငံတွင်ကျင်းပခဲ့သော အရှေ့အာရှထိပ်သီးအစည်းအဝေးကို အရှေ့တောင်အရှဒေသအတွင်းရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတက်ရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက “အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရေးဆွဲထားတဲ့ ထုတ်ပြန်ချက် မူကြမ်းနောက်ဆုံးအဆင့်ကို အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့က အားပေးထောက်ခံခဲ့တယ်။ ဒါပေမယ့် တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ အဲဒီထုတ်ပြန်ချက်မူကြမ်းကို ထောက်ခံတာမျိုးမရှိခဲ့ဘူး” ဟု ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က “အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယာ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ဟာ ထုတ်ပြန်ချက်မူကြမ်းကို နိုင်ငံရေးသဘောထားသက်သက် အဖြစ်ပြောင်းလဲဖို့ ကြိုးပမ်းလာခဲ့တာကြောင့် နောက်ဆုံးကြေညာချက်ကို ထုတ်ပြန်နိုင်တာမျိုးမရှိခဲ့ဘူး”ဟုပြောသည်။

အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံရုံးကမူ တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ” ဘာသာစကားသုံးစွဲမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ခဲ့ပေမယ့် အခြားတစ်စုံတစ်ဦးကို အခွင့်ပေးမှုဖြစ်စေတဲ့ ဘာသာစကားမျိုးလည်းမရှိသေးပါဘူး” ဟု ပြောသည်။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုသည် တရုတ်နိုင်ငံနှင့် ပိုင်နက်နယ်မြေအငြင်းပွားမှုများရှိနေခဲ့ပြီး တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအများစုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားသလို အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့ပိုင်နက်များရှိနေကြောင်း ပြောဆိုထားသည်။

အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံကြားဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး Code of Conduct သတ်မှတ်နိုင်ရန် ကြားဝင်ကြိုးပမ်းနေသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကုလသမဂ္ဂ၏ ပင်လယ်ရေကြောင်းဥပဒေကိုအခြေခံလုပ်ဆောင်ရန် တောင်းဆိုနေကြောင်း သိရသည်။

REf, bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *