October 14, 2024

◾ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များနှင့် စိန်ခေါ်မှုများ ကြီးထွားလျက်ရှိစဉ် ဆိုရှယ်လစ်စနစ်၏ ရဲဘော်ရဲဘက်များဖြစ်သည့် တရုတ်နှင့် ဗီယက်နမ်တို့အနေဖြင့် စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် တရုတ်ဝန်ကြီးချုပ် ပြော

၁၃. ၁၀. ၂၀၂၄
Written by Thettant

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်းချင်၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၂ ရက်က ရောက်ရှိခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြမှုအရ သိရသည်။

သုံးရက်ကြာခရီးစဥ်အဖြစ်လာရောက်သည့် တွေ့ဆုံမှုတွင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုက ရှည်လျားတည်တံ့သော သမိုင်း ကြောင်းတစ်ရပ် ရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာကျသော ပဲ့ကိုင်လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာ မကြာသေးမီနှစ်များအတွင်း တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း လီက ပြောသည်။

ထို့အတူ နှစ်အစပိုင်းကတည်းကပင် နှစ်နိုင်ငံအနေဖြင့် နီးနီးကပ်ကပ်ရှိသော အဆင့်မြင့် ကူးလူးဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းကာ နယ်ပယ်အသီးသီး၌ အကျိုးဖြစ် ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့ပြီး တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ခြင်းကိုလည်း ကောင်းစွာစတင်နိုင်ခဲ့သည်ဟု လီက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်း ရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်း‌ရေးမှူးချုပ်၊ ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်တို့ ဩဂုတ်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့စဉ်က နှစ်နိုင်ငံ ခေါင်းဆောင်များအနေ ဖြင့် တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်းအား ဆန်းသစ်သော အခြေအနေများအောက်တွင် ကျယ်ကျယ်ပြန့်ပြန့် တိုးတက်စေရေးအတွက် မဟာဗျူဟာမြောက် အနာဂတ်စီမံချက်ကို ချမှတ်ကာ နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုး၍ တိုးတက်ကောင်းမွန်စေမည့် လမ်းကြောင်းကို ဖော်ဆောင်ခဲ့သည်ဟုလည်း ယင်းက ပြောသည်။

ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးလောက်အောင် မြန်ဆန်သော အပြောင်းအလဲများ၊ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များနှင့် စိန်ခေါ်မှုများ ကြီးထွားလျက်ရှိစဉ် ဆိုရှယ်လစ်စနစ်၏ ရဲဘော်ရဲဘက်များဖြစ်သည့် တရုတ်နှင့် ဗီယက်နမ်တို့အနေဖြင့် စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ ငြိမ်းချမ်းရေးကို အားပေးထောက်ကူကာ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းရာတွင် လက်တွဲလုပ်ဆောင်သင့်ကြောင်း လီက ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ အိမ်နီးချင်း သံတမန်ဆက်ဆံရေးတွင် ဗီယက်နမ်နှင့် ဆက်ဆံရေးကို အစဉ်သဖြင့် ဦးစားပေးခဲ့ကာ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရေး၊ မဟာဗျူဟာမြောက် ဆက်ဆံရေး ခိုင်မာစေရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရေး၊ လူထုထောက်ခံမှု ခိုင်မာစေရေး၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းပေးကာ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ကြွယ်ဝချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုကျယ်ပြန့်စွာ အထောက်အကူပေးနိုင်ရန်အတွက် တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်မှုကို ဆက်လက်တွန်းအားပေး လုပ်ဆောင်ရေးတို့အတွက် ဗီယက်နမ်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အသင့်ရှိပါကြောင်း လီက ဆက်လက်ပြောသည်။

လီချန်သည် ဗီယက်နမ်ခရီးစဥ်မတိုင်ခင်က လာအိုနိုင်ငံသို့လည်း သွားရောက်ခဲ့ပြီး အောက်တိုဘာ ၁၄ ရက်မှ ၁၇ ရက်တွင်လည်း ပါကစ္စတန်ဝန်ကြီးချုပ်ဖိတ်ခေါ်မှုအရ ပါကစ္စတန်နိုင်ငံသို့သွားရောက်မည်ဖြစ်သည်။

(Xinhua)

Leave a Reply

Your email address will not be published. Required fields are marked *