October 14, 2024

◾ ယာဉ်တိုက်မှုကြောင့် ဦးခေါင်းထိသူတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

၁၃.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် အငှားယာဉ် Probox တစ်စီး ဘီးပေါက်မှုဖြစ်ပွားကာ အခြား ယာဉ် ၃ စီးကို ဆင့်တိုက်မှုဖြစ်ပွား၍ လူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၈ ရပ်ကွက် တပင်ရွှေထီးလမ်းနှင့် ဦးရွှေဇံအောင်လမ်းထောင့်တွင် အငှားယာဉ်တစ်စီးက ဘီးပေါက်မှုဖြစ်ပွားရာမှ အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မောင်းလာတဲ့ Probox က ဘီးပေါက်ပြီးတော့ အရှိန်မနိုင်ဘဲ အားလုံးဝင်တိုက်မိသွားတာ။ ရပ်ထားတဲ့ကားတစ်စီးပါ ပါတယ်။ ပြီးတော့ သုံးဘီးတစ်စီး၊ ကျောင်းကားတစ်စီးပေါ့။တစ်ယောက်က ခေါင်းထိတဲ့ ဒဏ်ရာရတယ်။ နောက် နှစ်ယောက်ကတော့ ဒဏ်ရာမကြီးဘူး။ မြေပြင်ကုသမှု လုပ်ပေးခဲ့တယ်”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက MT News ကို ပြောသည်။

ဒဏ်ရာရသူများအား ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းရုံးချုပ်၏ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညပိုင်း ၉ နာရီခွဲခန့်အချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းမကြီး၊ ရွှေပေါက်ကံ တံတားအဆင်းတွင် YBS ယာဉ်တစ်စီးက စက်ဘီးစီးလာသူတစ်ဦးကိုတိုက်မိသောကြောင့် စက်ဘီးစီးလာသူ မေးစေ့ကွဲသွားမှု ဖြစ်ပွားခဲ့ကြောင်း၊ YBS ယာဉ်မောင်းက ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်သွားကြောင်း သိရသည်။

အဆိုပါလူနာကိုလည်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းအနေဖြင့် မြေပြင်ကုသမှုပြုလုပ်ပေးပြီး လူနာရှင်သဘောဆန္ဒအရ ၅၂ ရပ်ကွက်ရှိနေအိမ်သို့ လူနာတင်ယာဉ် ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *