October 14, 2024

၁၂.၁၀.၂၀၂၄
Written By Zun

MNDAA ထိန်းချုပ်ထားသော သိန္နီမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က လေကြောင်းတိုက်ခိုက်မှု ထပ်မံခံရ၍ လူတစ်ဦးနှင့် နွားနှစ်ကောင် ဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတစ်ဦးက ညာလက်မောင်းဒဏ်ရာရရှိသော်လည်း ကံကောင်း ထောက်မစွာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် MNDAA တပ်စွဲထားသည့် စာသင်ကျောင်းအဆောက်အအုံ အပြင်းအထန် ပျက်စီးခဲ့ပြီး အနီးအနားရှိ မိသားစုမှ မွေးမြူထားသည့် နွားနှစ်ကောင်ကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုးကန့်တွေက စာသင်ကျောင်းမှာရှိတာ။ အဲဒီမှာ သူတို့က နေကြတာ။ သူတို့ကို မကြိုက်သူတွေရှိတယ်လေ။ လူတိုင်းကတော့ သူတို့ကို ကြိုက်တာမျိုးမရှိဘူး။ ဒါကြောင့် သတင်းရလို့ ချတာဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒေသပျက်စီးတာတွေအတွက် စိတ်မကောင်းတော့ဖြစ်ရတယ်လေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက် နံနက်ကလည်း သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန် သွားသည့် လမ်းမကြီးပေါ်ရှိ MNDAA များ ရှိနေသည့် ပန်လော့ကျေးရွာအုပ်စု မန်ချက်ကျေးရွာအတွင်း လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းကြောင့် ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လွန်ခဲ့သော ၂ လခန့်က ရွှေသိန္နီကားဂိတ်အနီးတွင် ဗုံးကြဲခံခဲ့ရပြီးနောက်ပိုင်း ယခုတစ်ကြိမ် ထပ်မံ၍ ဗုံးကြဲခံခဲ့ရခြင်းဖြစ်ကြောင်း၊ MNDAA က သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းကာလက ထိန်းချုပ်၍ မြို့ပေါ် ရှိရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲ၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက MNDAA များသွားလာနေထိုင်သည့် သိန္နီမြို့ပေါ် ဈေးအနီးနှင့် စာသင်ကျောင်း အချို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရကာ သေဆုံးသူ ၁၀ ဦးကျော်၊ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *