October 14, 2024

၁၂.၁၀.၂၀၂၄
Written By Thandar

အသည်းကွဲသီချင်းတွေကြောင့် ပရိသတ်နဲ့ ရင်ဘတ်ချင်းထိခဲ့တဲ့ အဆိုတော် ယွန်းမြတ်သူက Yoon Myat Thu’s Birthday Show အတွက် ရင်ခုန်စိတ်လှုပ်ရှားမိသလို အသက်၂၆ နှစ်ပြည့်မို့ သီချင်း၂၆ ပုဒ်ဆိုမယ်လို့ ဆိုပါတယ်။

Birthday Show ကို အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပမယ့်အကြောင်း မီဒီယာမိတ်ဆက်ပွဲနဲ့ Final Rehearsal ကိုလည်း ဒီနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Inya Lake Hotel Granden မှာ ပြုလုပ်ခဲ့ပါတယ်။

“ယွန်းအနေနဲ့ လာမယ့် ၁၅ ရက်နေ့ Birthday Show အတွက် Final Rehearsal လေး တိုက်နေတာပါ။ Miission ကတော့ အထူးအောင်မြင်ဖို့ ကြိုးစားနေပါတယ်။ အခေါက်အခါခါသေချာပြင်ဆင်ပြီးတော့ ယွန်းကြိုးစားနေပါတယ်။ ယွန်းရဲ့ ဒုတိယအကြိမ်မြောက် Birthday Show လေးပါ။ ကိုယ့်အတွက် ပွဲစလုပ်မယ်ဆိုကတည်းက Pressure များတာပါ။ Confident တွေပျောက်ဆုံးပေါ့။ ဘေးကအားပေးမှုကြောင့် ဒီအချိန်ထိရောက်လာတာပါ။ စိတ်လှုပ်ရှားမှုတွေကတော့ ရှိနေတုန်းပါပဲ။ အသက် ၂၆ နှစ်ဆိုတော့ သီချင်း ၂၆ ပုဒ်ဆိုမှာပါ။ယွန်း ကိုယ်တိုင်လည်း အသည်းကွဲသီချင်းကြိုက်လို့ဆိုတာပါ။ အသည်းကွဲဓာတ်ခံရှိတဲ့ အယွန်းရဲ့ချစ်ပရိသတ်များအတွက် အသည်းကွဲသီချင်းတွေကို အားရပါးရ ခံစားရမှာပါ”လို့ အဆိုတော် ယွန်းမြတ်သူက ပြောပါတယ်။

အဆိုပါ ပွဲမှာတော့ အသည်းကွဲ တေးသီချင်းကောင်းများစွာကို နားဆင်ခံစားရမယ့်အပြင် Special Guests တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ MC ကိုအားမာန်၊ Daily Gita Band ၊ Additional Players တွေဖြစ်တဲ့ Violin – ကိုချမ်းဟိန်းကြွယ် ၊ Saxophone – Philip Min Min ၊ Harmony -Hangover နဲ့ Here & Now Dance Crew တို့ကလည်း ပါဝင်အားဖြေပေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

Yoon Myat Thu’s Birthday Show မှာ တေးသီချင်းဖျော်ဖြေ တင်ဆက်မှုတွေအပြင် မွေးနေ့အမှတ်တရ အနေနဲ့ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေ ကောက်ခံပေးသွားမယ့် အစီအစဉ် ကိုလည်း ထည့်သွင်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ လက်ရှိ Birthday Show Table ပွဲလက်မှတ်တွေ တော်တော်များများကုန်နေပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *