၁၂.၁၀.၂၀၂၄
Written by K Pyay Thein
ဒေသတွင်းတိုက်ပွဲတွေကြောင့် မိမိတို့မြို့ရွာတွေကို စွန့်ခွာပြီး အနယ်နယ်အရပ်ရပ်က ယာယီစစ်ရှောင်လာကြတဲ့သူတွေဟာ ရန်ကုန်အိမ်ငှားခနှုန်းထားတွေကြောင့် အခက်ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိကာလမှာ အိမ်ငှားရမ်းခနှုန်းထားတွေ မြင့်တက်လာတာနဲ့အမျှ ရန်ကုန်မြို့မှာ အိမ်ငှားရမ်းနေထိုင်ကြတဲ့ဝင်ငွေနည်းပြည်သူတွေနဲ့ နယ်ဘက်ကနေ ပြောင်းရွှေ့အခြေချလာကြသူတွေဟာ နေ့စဥ်လူမှုဘဝနေထိုင်ရေးကို အဆင်ပြေသလို နေထိုင် ဖြေရှင်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
“လားရှိုးဘက်မှာ စစ်တွေဖြစ်တော့ ဒီဘက် ရန်ကုန်ကိုတက်လာတာပေါ့။ လွန်ခဲ့တဲ့နှစ်ထဲက ရန်ကုန်ကိုရောက်ပါတယ်။ ရန်ကုန်မြို့က အစစအရာရာ လူနေမှုစရိတ်မြင့်တယ်။ ဟိုမှာကြတော့ ကိုယ့်ရပ်ကိုယ်ရွာဆိုတော့ ဘယ်လိုလေးပဲဖြစ်ဖြစ် နေရထိုင်ရတာက အဆင်ပြေတယ်။ စားသောက်ရတာက အစရော။ နောက် သူငယ်ချင်းတွေကလည်း ရန်ကုန်က လားရှိုးထက်စာရင် အလုပ်အကိုင်တွေပေါတယ်။ ဟိုမှာလည်း ဘာမှလုပ်မရတာနဲ့ အတူတူ ဒီဘက်ပဲ တက်လာလိုက်တာပါ။ အခု အိမ်ငှားခက မတတ်နိုင်တာနဲ့ ကြုံနေရတယ်။ အိမ်လခစျေးတွေကလည်း များတာကိုး။ ဒီကိုရောက်တုန်းက အရှေ့ဒဂုံမှာရှိတဲ့ အဒေါ်အိမ်မှာပဲ ခဏတည်းခိုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခြေအနေကောင်းလာခဲ့ရင်တော့ လားရှိုးကိုပဲပြန်နေမှာပါ”လို့ လားရှိုးဘက်က ပြောင်းရွှေ့စစ်ရှောင်လာတဲ့ ပြည်သူတစ်ဦးက MT News ကို ပြောပါတယ်။
ရန်ကုန်မြို့မှာ အိမ်ခန်းငှားရမ်းခနှုန်းထားတွေဟာ ဆင်ခြေဖုံးရပ်ကွက်တွေဆို ငွေကျပ် တစ်သိန်းကအနည်းဆုံးဖြစ်ပြီး ကျပ်တစ်သိန်းခွဲကနေ ကျပ်နှစ်သိန်းအထိ အိမ်လခတွေရှိနေတယ်လို့ သိရပါတယ်။
“အခုဆင်ခြေဖုံးရပ်ကွက်တွေမှာ ဘယ်လိုပြောရမလဲ။ ကျူးကျော်နေရာမှာတောင် ၁၀ ပေ၊ ၁၅ ပေလောက် အိမ်လေးတွေ အဆောင်တွေက ၈ သောင်းလောက် စျေးပေါက်တယ်။ တချို့ပိုင်ရှင်တွေက တစ်သိန်းယူတယ်။ ဒါက ရေဖိုး၊ မီးဖိုးမပါသေးဘူး။ တချို့အဆောင်တွေဆိုလည်း တကယ့်ကျဥ်းကျဥ်းလေးမှ ကျဥ်းကျဥ်းလေး။ အဲ့ဒါကို စျေးက တအားပေးနေရတယ်။ ဟိုလိုတိုက်ခန်းတွေဘာတွေမှာ နေမယ်ဆိုရင်တော့ တစ်လကို ၃ သိန်းလောက်ငှားရမ်းခရှိတယ်။ အိမ်ရှင်တွေကလည်း ၆ လတစ်ခါ၊ တစ်နှစ်တစ်ခါ အိမ်ငှားရမ်းခနှုန်းတွေကို တိုးတိုးတောင်းတာတွေရှိတယ်။ အဲ့လို အိမ်ငှားခတွေတိုးလာတော့ အိမ်ငှားတွေဘက်ကလည်း ငှားရမ်းနေထိုင်ဖို့ဆိုတာက အခက်အခဲတွေများစွာ ရှိလာပါတယ်”လို့ ရန်ကုန်မြို့နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လတ်တလော ရန်ကုန်မြိုရဲ့ အိမ်ခန်းငှားရမ်းခ စျေးနှုန်းတွေဟာ မြို့နယ်တွေအလိုက် ဈေးနှုန်းမြင့်တက်လျက်ရှိသလို အခုသီတင်းကျွတ်ကာလမှာ အိမ်ငှားရမ်းခတွေက ဈေးနှုန်းပိုတက်လာနိုင်မယ်လို့လည်း အိမ်ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။
“အခု ဆင်ခြေဖုံးဆို တစ်လကို အနည်းဆုံးစျေးနှုန်း ကျပ်တစ်သိန်းနှစ်သောင်းကနေ ကျပ်တစ်သိန်းငါးသောင်းအထိ ရှိနိုင်တယ်။ စမ်းချောင်း၊ အလုံ၊ လှိုင်၊ ကမာရွတ်စတဲ့ အချက်အချာကျတဲ့နေရာတွေဆို ပြောမနေနဲ့တော့။ အိမ်ငှားရမ်းခစျေးတွေက မြို့ထဲ မြို့နယ်တွေဆိုကျပ် ၄ သိန်းကနေ ကျပ် ၅ သိန်းဝန်းကျင်အထိတောင်ရှိပါတယ်” လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။