October 14, 2024

◾ အစ္စရေး၏ လက်ဘနွန်သို့ လေကြောင်းတိုက်ခိုက်မှုများအတွင်း ၂,၂၃၇ ဦး သေဆုံး

၁၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးတပ်ဖွဲ့တွေက လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေရဲ့ ဌာနချုပ်ကို တိုက်ခိုက်ခဲ့လို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတစ်ရပ်ကြောင့် အောက်တိုဘာလ ၁၁ ရက်က လက်ဘနွန်စစ်သားနှစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ရတယ်လို့ လက်ဘနွန်စစ်ဖက်က ပြောကြားခဲ့ပါတယ်။

ဘေရွတ်မြို့အလယ်မှာလည်း အောက်တိုဘာလ ၁၁ ရက်က ကယ်ဆယ်ရေးသမားတွေဟာ ဗုံးဒဏ်ကြောင့် ပြိုကျနေတဲ့ အဆောက်အအုံတစ်ခုရဲ့ အပျက်အစီးတွေကြား အသက်ရှင်ကျန်ရစ်သူတွေရှိဦးမလားရှာဖွေနေကြပါတယ်။ အဆိုပါ အဆောက်အအုံကို အောက်တိုဘာလ ၁၀ ရက်ညမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး အများအပြားလည်းဒဏ်ရာရခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတို့ကလည်း ဂါဇာရှိ ဟားမားစ်တို့နဲ့ တစ်သွေးတည်းဖြစ်တယ်ဆိုတာပြရအောင် အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်များနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေပြုနေသလို အစ္စရေးစစ်ဘက်ကလည်း လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုနေရာမှာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ၊ အရပ်သားတွေနဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအပါအဝင် ၂,၂၃၇ ဦးသေဆုံးခဲ့ပြီလို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသေဆုံးသူတွေထဲ အောက်တိုဘာလ ၁၁ ရက် ညပိုင်းက တိုက်ခိုက်မှုမှာ နိုင်ငံတောင်ပိုင်းရှိ Baysarieh ကျေးရွာမှ နှစ်နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ်လိုမျိုး ကလေးငယ်တွေလည်းပါနေတယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက လက်ဘနွန်တောင်ပိုင်း နာကိုရာမြို့ရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေရဲ့ စခန်းကိုတိုက်ခိုက်ခဲ့လို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ရတယ်ဆိုရာမှာလည်း အစ္စရေးတပ်ဖွဲ့တွေက အဆိုပါစခန်းအနီးမှ အစ္စရေးတပ်ဖွဲ့တွေကို ပစ်ခတ်မှုတွေ ထွက်ပေါ်လာခဲ့ရခြင်းအတွက် ခုလိုတိုက်ခိုက်မှုတွေဖြစ်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။ အဆိုပါ ဒဏ်ရာရငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှစ်ဦးက သီရိလင်္ကာတပ်ဖွဲ့ဝင်တွေလို့ သိရပါတယ်။

Ref- AP, The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *