October 14, 2024

၁၂. ၁၀.၂၀၂၄
Written by Nay Moe

တောင်သာမြို့နယ်၊ စိုင်ကန်ရွာနေ ဇနီးမောင်နှံနှစ်ဦးကို PDF များက သတင်းပေး၊ ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်လိုက်သည့်အပြင် ဆိုင်ကယ်၊ ရွှေနှင့် ကျပ်သိန်း ၈၀ ကျော်ပါ လုယက်မှုကျူးလွန်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက်နေ့က မွန်းလွဲ ၃ နာရီ ၂၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်သာမြို့နယ်၊ စိုင်ကန်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုစည်သူ(၃၈)နှစ်သည် ဇနီးဖြစ်သူ မသီတာထွန်း (၄၀)နှစ်နှင့်အတူ ၎င်းတို့၏နေအိမ်ဈေးဆိုင်၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်”များဟုစွပ်စွဲ၍ ဈေးဆိုင်ရှိ ANBO 125 ဆိုင်ကယ်တစ်စီး၊ ၁ ကျပ်သားခန့်ရှိရွှေဆွဲကြိုး ၁ ကုံး၊ ၁ ကျပ်ခွဲသားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ပါနားကပ် ၁ ရံ၊ ၅ မူးသားခန့်ရှိ ရွှေလက်စွပ် ၂ ကွင်းနှင့် ငွေကျပ် ၈၀ သိန်းခန့်တို့အား လုယက်ယူဆောင်ခဲ့သည်။

ထို့နောက် ကိုစည်သူနှင့် မသီတာထွန်းတို့နှစ်ဦးအား စိုင်ကန်ကျေးရွာအနီး ထိန်ကန်-ကင်းဇလုတ်-တံတားကျေးရွာသွားတောလမ်းသို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သည့် တောင်သာဒေသခံ PDF များက ဝန်ခံခြင်း၊ မကျူးလွန်ကြောင်း တုံ့ပြန်ရှင်းလင်းခြင်း ပြုလုပ်မှု ယနေ့အထိတိုင် မရှိသေးသလို လုံခြုံရေးတပ်ဖွဲ့ကလည်း ကျုးလွန်သည့် PDF အဖွဲ့ကို သိရှိရန် စိစစ် စစ်ဆေးခြင်းသာ လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *