October 14, 2024

၁၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အရှေ့အလယ်ပိုင်းဒေသထဲမှာ အဓိကစစ်ပွဲကြီးတစ်ရပ် ထပ်ဖြစ်လာဖို့က သေချာသလောက်ဖြစ်နေပေမယ့် စစ်ပွဲမှာပတ်သက်နေသူအားလုံးက သည်းခံထိန်းချုပ်ကြရင်တော့ ဒီစစ်ပွဲကို ရှောင်တိမ်းနိုင်ပါလိမ့်မယ်လို့ ရုရှား ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီ ရတ်ကော့ဗ်က ပြောခဲ့တယ်လို့ Tass သတင်းဌာနက အောက်တိုဘာလ ၁၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဆာဂျီရတ်ကော့ဗ်က “ဖြစ်ပျက်နေသမျှကို ကျွန်တော်တို့ စိုးရိမ်စွာနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ ပဋိပက္ခဖြစ်ပွားမှုအန္တရာယ်က မြင့်မားတဲ့ အခြေအနေမှာရှိနေတယ်။ ဒါက စစ်ပွဲတစ်ခု ဖြစ်လာနိုင်ဖို့ အန္တရာယ်ရှိနေတာပေါ့။ ကျွန်တော်တို့အနေနဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးကို သည်းခံထိန်းချုပ်ကြပါ။ ဒေသတွင်းနိုင်ငံတွေနဲ့အတူ ညှိနှိုင်းဆွေးနွေးရေး အားထုတ်ကြပါ။ ဒေသတွင်း အဓိကစစ်ပွဲကြီးဖြစ်လာနိုင်မှုကို ရှောင်ရှားကြပါ” လို့ပြောခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှာ ဟားမားစ်စစ်သွေးကြွအုပ်စုတွေက ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးနိုင်ငံအတွင်း စိမ့်ဝင်တိုက်ခိုက်မှုတွေပြုခဲ့ရာကနေ အစ္စရေးနဲ့ဟားမားစ်တို့အကြား ပဋိပက္ခ စတင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ နယ်စပ်ဒေသနေ အစ္စရေးပြည်သူအချို့သေဆုံးခဲ့ပြီး ဓားစာခံအဖြစ် ဟားမားစ်တို့က ဂါဇာကို ဖမ်းဆီးခေါ်ဆောင်သွားသူတွေ ရှိခဲ့ပါတယ်။ အစ္စရေးကလည်း ဂါဇာကို လေကြောင်းနဲ့ မြေပြင်ထိုးစစ်ဆင်မှု ပြုခဲ့ကာ အခုဆိုရင် စစ်ပွဲက လက်ဘနွန်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံအတွင်းကိုပါ ကျယ်ပြန့်လာနေပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာ အီရန်က အစ္စရေးနိုင်ငံအတွင်း ဒုံးကျည် ၁၈၀ ကျော်နဲ့ တိုက်ခိုက်အပြီးမှာတော့ ဒေသတွင်းအခြေအနေက အတင်းမာဆုံးဖြစ်လာခဲ့ရတာပါ။ အစ္စရေးဘက်က တုံ့ပြန်ခဲ့ရင် ပိုမိုကျယ်ပြန့်တဲ့တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ အီရန်က သတိပေးထားသလို အစ္စရေးကလည်း လက်တုံ့ပြန်ဖို့ သန္နိဌာန်ချထားတယ်လို့ပြောခဲ့တဲ့အတွက် ဒေသအတွင်း လက်ရှိထက်ဆိုးဝါးတဲ့ အဓိကစစ်ပွဲကြီးဖြစ်လာမှာ အားလုံးကစိုးရိမ်နေကြပါတယ်။

Ref- Tass

Leave a Reply

Your email address will not be published. Required fields are marked *