October 14, 2024

၁၂.၁ဝ.၂ဝ၂၄
Written by K Pyay Thein

KIA နဲ့ PDF တွေ အများဆုံးတိုက်ခိုက်သိမ်းပိုက်ကြီးစိုးနေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ လက်နက်ကိုင်အဖွဲ့အချို့က ခရီး သွားကားတွေနဲ့ ကုန်ကားတွေကို ဓားပြတိုက်လုယက်ပြီး ကုန်ပစ္စည်း‌တွေကို ယူဆောင်သွားမှုတွေရှိနေတယ်လို့ အဲ့ဒီဒေသအတွင်း သွားလာနေထိုင်သူ‌တွေထံကနေ သိရပါတယ်။

“စစ်ကိုင်းတိုင်းအတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေက အများကြီးလေ။ ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလိုနဲ့ လုပ်နေကြတာပါ။လက်နက်တွေနဲ့ဆိုတော့ တချို့ကလည်းကြောက်ပြီးတော့ ပေးလိုက်ရတာရှိတယ်။ အဓိက သူတို့က စားနပ်ရိက္ခာတွေကိုယူကြတာများတယ်။ ဆန်တို့ ဆီတို့ ငါးပိ၊ ငါးခြောက်တို့ အဲ့လိုဟာမျိုးတွေပါလာရင် ယူကြတယ်။ တချို့လိုင်းကားတွေဆို ကုန်ခြောက်ပစ္စည်းနဲ့ စားသောက်ကုန်‌တွေဆို သိပ်တောင်မတင်ချင်ကြ‌တော့ဘူး။ ပစ္စည်းပျောက်သွားရင် အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကို ကားလိုင်းတွေက လျော်ရတာကိုး။ ဒီဘက်မှာကလမ်းပန်းဆက်သွယ်‌ရေးလည်းမ‌ကောင်းသလို အဲ့လိုတွေလည်းဖြစ်နေတယ်”လို့ အမည်မဖော်လိုသူ စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း‌ဒေသကြီးဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအပိုင်းမှာ ခက်ခဲစွာသွားလာနေရပြီး ဒေသတွင်းတိုက်ပွဲတွေကြောင့် လက်ရှိမှာ မဟာမြိုင်လမ်းမကြီးတစ်ခုကိုသာ သွားလာဆက်သွယ်ရေးအတွက် အသုံးပြုနေရတယ်လို့လည်း သိရပါတယ်။

“စစ်ကိုင်းတိုင်းဘက်က အခုက အတော်လေးမလွယ်တဲ့အနေအထားပါ။ မြို့ပေါ်တွေမှာတောင် လုယက်မှုတွေက ရှိနေတာပါ။ မုံရွာလမ်းမကြီးတောက်လျှောက်ဆိုရင် လုယက်မှုတွေ ခဏခဏဖြစ်တယ်။ ဆိုင်ကယ်တွေနဲ့ ဓားတွေတုတ်တွေနဲ့ လမ်းပေါ်တက်တက်လာပြီး လုယက်တာမျိုးတွေတောင်ရှိတယ်။ အရင်ကဆို အဲ့ဒီဘက်မှာ ချိန်းတွေ့ကြတဲ့သမီးရည်းစားစုံတွဲတွေဆို ခဏခဏအလုခံရတယ်။ ဆွဲကြိုးအဖြတ်ခံရတယ်။ အဲ့လိုတွေပေါ့။ ပြည်သူတွေကလည်းကြောက်ကြတော့ ပေးကြရတယ်။ ဒါတွေက ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစပြီး ဒီဘက်ဒေသတွေမှာ ခဏခဏဖြစ်နေတယ်”လို့ မုံရွာမြို့နေ ပြည်သူတစ်ဦးကလည်း ထပ်မံပြောပါတယ်။

လက်ရှိ စစ်ကိုင်းဒေသကြီးအတွင်းမှာ တိုက်ပွဲတွေဟာလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး အစိုးရအုပ်ချုပ်ရေးပိုင်းဆိုင်ရာမဟုတ်တဲ့ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေက ရာနဲ့ချီရှိနေတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက ပြောပြပါတယ်။

“စစ်ကိုင်းတိုင်းအတွင်းမှာက လက်နက်ကိုင်အဖွဲ့တွေက ရာနဲ့ချီပြီးရှိနေတယ်။ အများကြီး မှိုလိုပေါက်နေတာပါ။ ကလေးကနေ တမူးဘက်ကိုသွားတဲ့လမ်းမှာဆို ပိုဆိုးပါတယ်။ ကျွန်တော့်အထင် စစ်ကိုင်းတိုင်းထဲမှာ လက်နက်ကိုင်အဖွဲ့တင် ၁ဝဝ ကျော်၊၂ဝဝ နီးပါးလောက် ရှိမယ်ထင်ပါတယ်။ အဲ့ဒီထဲမှာမှ အယောင်ဆောင်ပြီး ဟိုအဖွဲ့လိုလို၊ ဒီအဖွဲ့လိုလို လုပ်နေတဲ့အဖွဲ့တွေလည်း ရှိပါတယ်”လို့ သူက ဆက်ပြီးပြောပါတယ်။

Photo – CJ

#စစ်ကိုင်းတိုင်း #လက်နက်ကိုင် #လုယက်မှု #ဓားပြမှု #လမ်းပန်းဆက်သွယ်ရေး #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *