October 14, 2024

၁၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်‌ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။

အဆိုပါအထူးရထားများအား အောက်တိုဘာ ၁၅ ရက်နှင့် အောက်တိုဘာ ၂၀ ရက်တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်-ပြည် ခရီးစဉ်အတွက် ရန်ကုန်မှ နေ့လယ် ၁ နာရီတွင် ထွက်ခွာပြီး ပြည်သို့ ည ၈ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

အလားတူ ရန်ကုန်-မော်လမြိုင် ခရီးစဉ်အတွက် ရန်ကုန်မှ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွက် မော်လမြိုင်မှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ည ၇ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

“လက်မှတ်ခက အထူးရထားက လေအိတ်ဆိုရင် ပြည်ကတော့ ၁၀,၀၀၀ ပဲ။ မော်လမြိုင်က လေအိတ်က ၁၁,၀၀၀၊ ရိုးရိုးရထားက ၁၀,၀၀၀ ပါ။ မော်လမြိုင်က ပုံမှန်က ၆ နာရီခွဲထွက်တယ်။ အထူးရထားက ၇ နာရီ ၄၅ မိနစ်ထွက်မယ်။ ပြည်က ပုံမှန်ရထားက နေ့ခင်း ၁၁ နာရီထွက်တယ်။ အထူးက နေ့ခင်း ၁ နာရီထွက်မယ်။ လက်မှတ်ကတော့ ဒီနေ့ကတည်းက စ‌ရောင်းပေးတယ်။ ၁၅ ရက်နေ့အတွက်ကိုပေါ့” ဟု အထူးရထားလက်မှတ်အ‌ရောင်းဌာနမှ တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာ ၂၀ ရက်တွင် ပြည်-ရန်ကုန် ခရီးစဉ်အတွက် ပြည်မှ ည ၁၀ နာရီခွဲ ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ အောက်တိုဘာ ၂၁ ရက် နံနက် ၆ နာရီခွဲ ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန်-မော်လမြိုင် ခရီးစဉ်အတွက် အောက်တိုဘာ ၁၅ ရက်တွင် ပြေးဆွဲပေးသည့် အချိန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အထက်ပါနေ့ရက်များအလိုက် အထူးရထားများအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ် မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ရထားစီးခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *