October 15, 2024

၁၂.၁၀.၂၀၂၄
Translated by Htwe Ko Tun

တရုတ်နိုင်ငံသားတစ်ဦးအား ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် ကျယ်ပြန့်သော အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းကွန်ရက်များ ထူထောင်လည်ပတ်နေသည်ဟု စွပ်စွဲချက်ဖြင့် မနီလာမြို့၌ ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက အောက် တိုဘာလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

လင်ရှုဟန်အမည်ရှိ အဆိုပါ တရုတ်နိုင်ငံသားကို မနီလာမြို့ တောင်ဘက်ရှိ ဘီနန်စီတီးတွင် အောက်တိုဘာလ ၁၀ ရက် ညဉ့်​နက်ပိုင်းက ဖမ်းဆီးမိခဲ့ခြင်းဟုလည်း သိရသည်။ ဖိလစ်ပိုင်အစိုးရက အဆိုပါ ကျားဖြန့်လုပ်ငန်းများက အွန်လိုင်းလိမ်လည်မှုများအပြင် ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် လူသတ်မှုတို့အပါအဝင် အခြား ရာဇဝတ်မှုများနှင့်လည်း ဆက်စပ်နေသည်ဟု ပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ စနစ်တကျစီစဥ်ဆောင်ရွက်သော ရာဇဝတ် မှုများတိုက်ဖျက်ရေးကော်မရှင်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာတွင် အသက် ၃၃ နှစ်ရှိ လင်ရှုဟန်က တရုတ်နိုင်ငံ၊ ဖူဂျီယန်ပြည်နယ်ဇာတိဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတွင်အဆိုပါရာဇဝတ်မှုများကို သိသာထင်ရှားစွာ ကျူးလွန်နေသည်ဟု ဖော်ပြခဲ့သည်။

ကြေညာချက်တွင် လင်က ၂၀၁၆ ခုနှစ်မှစ၍ ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းကွန်ရက်ကို စနစ်တကျ တည်ဆောက်ခဲ့ပြီး ထိုတရားမဝင်လုပ်ငန်းများကိုဖုံးကွယ်ရန်အတွက် ဥပဒေနှင့်အညီ စီးပွားရေးလုပ်ငန်းများလည်း မကြာခဏလုပ်ကိုင်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းအချို့ကို ဝင်ရောက် ဖမ်းဆီးသိမ်းပိုက်ခြင်းများပြုလုပ်ခဲ့သော်လည်း ၎င်းတို့က ဆက်လက်ရှင်သန်မှု ရှိကောင်းရှိနေနိုင်ကာ ဥပဒေစိုးမိုးရေးအဖွဲ့များအဖို့ ကျယ်ပြန့်သော ရာဇဝတ်လုပ်ငန်းကြီးကို ဖြိုခွဲရာတွင် ခက်ခဲရှုပ်ထွေးမှုများရှိလာနိုင်သည်။

အခြားသောမသင်္ကာသူ တရုတ်လူမျိုးတရားခံတစ်ဦးနှင့် ဖိလစ်ပိုင်သက်တော်စောင့်ကိုးဦးကိုလည်း အိမ်တစ်လုံးကို ဝင်ရောက်သိမ်းပိုက်ရာတွင် ဖမ်းမိခဲ့ပြီး လုပ်သေနတ်သုံးလက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

လူကုန်ကူးခံရသော ဓားစာခံများကို တရုတ်နိုင်ငံသားများလုပ်ဆောင်နေသော ကျားဖြန့်လုပ်ငန်းများတွင်မကြာခဏခန့်အပ်ကာ ၎င်းတို့ကို လှည့်ဖြားခြင်း(သို့မဟုတ်) အတင်းအကျပ်ခိုင်းစေခြင်းတို့ဖြင့် ကျားဖြန့်လုပ်ငန်းများအတွက် အသုံးချကြခြင်းဖြစ်သည်။

ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *