October 15, 2024

၁၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် ပြေးဆွဲလျက်ရှိရာ တစ်ရက်လျှင် ခရီးသည် ၁,၅၀၀ ဝန်းကျင် လိုက်ပါစီးနင်းလျက်ရှိပြီး စတင်ပြေးဆွဲသည့် အချိန်မှ အောက်တိုဘာ ၁၁ ရက်အထိ ၁၀ ရက်အတွင်း ခရီးသည်စုစုပေါင်း ၁၄,၂၀၀ ဦးအထိ လိုက်ပါစီးနင်းခဲ့ကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ်(၁၅) အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန် လူစီးရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယခု အောက်တိုဘာလ ၁ ရက်တွင် ပြုလုပ်ခဲ့ပြီး စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ခရီးသည်စီးနင်းမှုအနေဖြင့် ပဲခူး-ရန်ကုန် ခရီးစဉ်တွင် နေ့စဉ်ပျမ်းမျှရထားစီးခရီးသည် ၈၀၀ ခန့်နှင့် ရန်ကုန်-ပဲခူး ခရီးစဉ်တွင် ပျမ်းမျှခရီးသည် ၇၀၀ ကျော်ခန့် လိုက်ပါစီးနင်းကြောင်း သိရှိရပြီး DEMU ရထားစတင်ပြေးဆွဲသည့် အောက်တိုဘာ ၂ ရက်မှ ၁၁ ရက်အထိ ၁၀ ရက်အတွင်း ခရီးသည်စုစုပေါင်း ၁၄,၂၁၆ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အမှတ် (၁၆) အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ ၂၀ မိနစ်တွင်ရောက်ရှိပြီး၊ အမှတ်(၁၅) အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိသဖြင့် ပဲခူးမှ ရန်ကုန်သို့ အလုပ်သွားအလုပ်ပြန် အဆင်ပြေမှုရှိကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-ပဲခူးလမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာတို့တွင် ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါစီးနင်းကြသူများအတွက်ပါ အဆင်ပြေမှုရှိကြောင်း သိရသည်။

DEMU ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၈၃၂ ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစမှအဆုံးထိ တစ်ဦးလျှင် ၂,၅၀၀ ကျပ်နှင့် ခရီးတစ်ဝက် လိုက်ပါစီးနင်းပါက ၁,၃၀၀ ကျပ်နှုန်းသတ်မှတ်ထားသည်။

ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများအသုံးပြု၍ ရန်ကုန်-ပဲခူး ခရီးစဉ်အား ပြေးဆွဲနိုင်ခြင်းဖြင့် ရထားစီးခရီးသွားပြည်သူများအတွက် စိတ်အေးချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါ စီးနင်းနိုင်စေပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေသလို ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *