October 15, 2024

၁၂.၁၀. ၂၀၂၄
Written by Shwe Phyo

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် စေ့စပ်ဆွေးသင့်ပြီး အထီးကျန်နိုင်ငံဖြစ်စေရန်မျိုး မလုပ် ဆောင်သင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီကအာဆီယံထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းပြောဆိုခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်မိုဒီသည် လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံထိပ်သီးအစည်းဝေးကို တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောဆိုခြင်းများ လုပ်ဆောင်ခဲ့ရာ​၌ မိုဒီက “မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ချဉ်းကပ်မှုတွေကို အားပေးထောက်ခံတယ်။ ကျွန်တော်တို့ဟာ အာဆီယံသဘောတူညီချက်ငါးချက်ကိုလည်း ထောက်ခံပါတယ်။ တစ်ချိန်တည်းမှာပဲ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးဖို့ အဓိကအရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖြစ်ထွန်းစေဖို့ သင့်တော်တဲ့ အဆင့်ခြေလှမ်းတွေ လုပ်ဆောင်သင့်တယ်။ အဲဒီအတွက် ကျွန်တော်ကတော့ ယုံကြည်ထားတယ်။ မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးသင့်ပြီး အထီးကျန်နိုင်ငံဖြစ်အောင်မလုပ်ဆောင်သင့်ဘူး။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် လုပ်ဆောင်ရမယ့်တာဝန်တွေကို အကောင်အထည်ဖော်သွားမယ်” ဟုပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီပြန်လည်ရယူနိုင်ရန်အတွက် ကူညီပေးနိုင်ရန် မြန်မာအစိုးရနှင့် စေ့စပ်ဆွေးနွေးမှုများဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်က “မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ချဉ်းကပ်မှုဟာ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်သွားမယ်။ အခက်အခဲတွေကို ပိုမိုကြီးကျယ်အောင်လုပ်ဆောင်တာမျိုး မဟုတ်ဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာ့အရေးကို ကြားဝင်ကြိုးပမ်းခဲ့ပြီး SAC အဖွဲ့အကြီးအကဲနှင့်တွေ့ဆုံကာ အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။ မိုဒီက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိစေရန် ရည်ညွှန်းကိုးကားစရာအဖြစ်ရှိနေသည့် အာဆီယံသဘောတူညီချက်ငါးချက်ကိုလည်း အားပေးထောက်ခံကြောင်း ထပ်မံပြောဆိုထားသည်။

REF ,firstpost

Leave a Reply

Your email address will not be published. Required fields are marked *