October 15, 2024

၁၁. ၁၀. ၂၀၂၄ /Weitten by Thettant

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များအတွင်း အုပ်စုဖွဲ့ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့သူ ၄ ဦးအားသက်သေခံ Tablet တစ်လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ခါးပိုက်နှိုက်မှုကျူးလွန်လေ့ရှိသူများဖြစ်ကြသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၃) ရပ်ကွက်နေ သန်းထွန်းအောင်(ခ)ကရင်အား လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၇)ရပ်ကွက်နေ စန်းမောင်အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၂) ရပ်ကွက်နေ စိုးတင့်(ခ)တရုတ်အား လည်းကောင်း၊ ည ၆ နာရီခွဲတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ချစ်မင်းထွေး(ခ) ကုလားလေးအား လည်းကောင်း ၎င်းတို့၏ နေအိမ်များမှ ထိန်းသိမ်းခေါ်ယူ စစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သန်းထွန်းအောင်(ခ)ကရင်၊ စန်းမောင်၊ စိုးတင့်(ခ)တရုတ်နှင့် ချစ်မင်းထွေး(ခ)ကုလားလေးတို့ ၄ ဦးသည် အောက်တိုဘာလ ၃ ရက်နေ့ ည ၆ နာရီ၌ ရန်ကင်းမြို့နယ်အတွင်း ပြေးဆွဲနေသည့် YBS(14)ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးထံမှ TAB 8 Pro အမျိုးအစား Tablet တစ်လုံးအား ခါးပိုက်နှိုက်ရယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးသည် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ရန်ကင်းမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များထံမှ လက်ကိုင်ဖုန်း ၂၂ လုံးအား ၁၀ ကြိမ် အုပ်စုဖွဲ့ခါးပိုက်နှိုက်ရယူခဲ့ကြောင်းနှင့် ထိုသို့ခါးပိုက်နှိုက်မှုများ ကျူးလွန်စဉ် သန်းထွန်းအောင်(ခ)ကရင်မှ လက်ကိုင်ဖုန်းများအား ခါးပိုက်နှိုက်ယူပြီး စန်းမောင်၊ ချစ်မင်းထွေး(ခ)ကုလားလေးနှင့် စိုးတင့်(ခ)တရုတ်တို့မှ YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအား တိုးဝှေ့၊ လူကာပေးခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

ပေါ်ပေါက်ချက်အရ ခါးပိုက်နှိုက်ရယူထားရှိသည့် Tablet နှင့် လက်ကိုင်ဖုန်းများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ပြည့်ဖြိုးသူ(ခ)ဖိုးခွားထံတွင် စုစုပေါင်း တန်ဖိုးငွေ ၂,၇၇၈,၀၀၀ ကျပ်ဖြင့် ရောင်းချထားကြောင်းသိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ ခါးပိုက်နှိုက်မှုကျူးလွန်ရာမှ ရရှိသည့် TAB 8 Pro အမျိုးအစား Tablet တစ်လုံးနှင့် လက်ကိုင်ဖုန်းမျိုးစုံ ၂၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်များအတွင်း အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ သန်းထွန်းအောင်(ခ)ကရင်ပါတရားခံ ၄ ဦးအား သက်သေခံ Tablet တစ်လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုများဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *