October 15, 2024

◾ လက်နက်ကိုင်အဖွဲ့များ၊ PDF နှင့် AA တို့၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြပြီး ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းနှင့် ပြည်တွင်းဥပဒေများနှင့်အညီ ဆောင်ရွက်သည့် တပ်မတော်၏ တန်ပြန်တုံ့ပြန်မှုများကိုမူ တစ်ဖက်စောင်းနင်း ဖော်ပြထားဟုပါ ဆို

၁၁. ၁၀. ၂၀၂၄
Written by Nyein kyaw

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာသည် သက်တမ်းအကန့်အသတ် မရှိခြင်း၊ စိစစ်ကြပ်မတ်မှု မရှိခြင်း၊ ကုလသမဂ္ဂမှ ခွဲဝေချထားပေးငွေအပြင် ပြင်ပမှရရှိသော ရန်ပုံငွေများအပေါ် မှီခိုခြင်းတို့ကြောင့် ၎င်း၏ အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း နိုင်ငံခြား‌ရေးဝန်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဂျီနီဗာမြို့၌ မကြာသေးမီက ကျင်းပခဲ့သည့် လူ့အခွင့် အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင်လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် လည်းကောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။

ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံအပေါ် ဦးတည်သည့် ယန္တရားများ၏ အစီရင်ခံစာအပေါ် ဆွေးနွေးပွဲစုစုပေါင်း (၆) ကြိမ် ပြုလုပ်ခဲ့ရာ၊ ယင်းတို့သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့မျှအကျိုးမပြုသည့်အပြင် ကုလသမဂ္ဂ၏ အချိန်နှင့်အရင်းအမြစ်များကိုလည်း အလဟဿကုန်ခမ်းစေသည်။

အဖွဲ့ဝင်နိုင်ငံများအကြားတူညီဆန္ဒဖြင့် အတည်ပြုချမှတ်ထားခြင်း မရှိသည့်အပြင် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်လျက် နိုင်ငံရေးသွတ်သွင်းထားသော ဆုံးဖြတ် ချက်အဆိုမှ ဆင်းသက်လာသည့် IIMM ယန္တရားအား စတင်တည်ထောင်ချိန်ကတည်းကပင် မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြု လက်ခံခဲ့ခြင်းမရှိသလို ကောင်စီအစည်းအဝေးကာလအတွင်း ဆွေးနွေးခဲ့သည့် IIMM ၏ အစီရင်ခံစာသည် ခိုင်မာမှုမရှိသော အရင်းအမြစ်များအပေါ် အခြေခံ၍ ကောက်ချက်ချထားသည်ကို တွေ့ရသည်။

ထို့ပြင် အဆိုပါယန္တရားသည် သက်တမ်းအကန့်အသတ် မရှိခြင်း၊ စိစစ်ကြပ်မတ်မှု မရှိခြင်း၊ ကုလသမဂ္ဂမှ ခွဲဝေချထားပေးငွေအပြင် ပြင်ပမှရရှိသော ရန်ပုံငွေများအပေါ် မှီခိုခြင်းတို့ကြောင့် ၎င်း၏ အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာတွင် အတည်မပြုနိုင်သော အချက်အလက်များနှင့် အထင်အမြင်လွဲမှားစေသည့် အချက်များအပေါ် အခြေခံသည့် စွပ်စွဲချက်များပါဝင်ရာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေကြောင်း ဖော်ပြထားသည်။

မဟာမင်းကြီး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို စိစစ်အတည်ပြုခြင်း မရှိသည့်အပြင် အစိုးရကတရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များကိုလည်း ချန်လှပ်ထားသည်ကို တွေ့ရသည်။ အထူးသဖြင့် ယင်းအစီရင်ခံစာတွင် PDF များနှင့် လက်နက်ကိုင်အဖွဲ့များ၊ AA ၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားပြီး၊ ထိတွေ့မှုဆိုင်ရာစည်းမျဉ်းနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော တပ်မတော်၏ တန်ပြန်တုံ့ပြန်မှုများကိုမူ တစ်ဖက်စောင်း နင်း ဖော်ပြထားသည်။

ထို့အတွက် အကြမ်းဖက်မှုများကို လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးခြင်းမပြုရန်နှင့် အစိုးရ၏အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြု ထားသည်နှင့်အညီ မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာ စတင်ကောက်ယူလျက်ရှိရာ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားသည်နှင့်အညီ မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာ စတင်ကောက်ယူလျက်ရှိရာ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *