October 11, 2024

◾ သမီးငယ်က စိတ်ပိုင်းဆိုင်ရာ ‌ပြင်းထန်စွာ ထိခိုက်ထားတယ်လို့ဆို

၁၁.၁၀.၂၀၂၄
Written by Hey Mar

မွေးစားမိဘနှစ်ဦးက ကိုယ်အင်္ဂါပျက်စီးသည်အထိ နှိပ်စက်ကာ မွေးစားဖခင်ဆိုသူက မုဒိမ်းကျင့်တာပါခံလိုက်ရတဲ့ ပဲခူးရိုးမ‌ တောင်ပေါ်ဒေသက အသက်ငါးနစ်အရွယ် သမီးငယ်ရဲ့ အမှုကို ပဲခူးတိုင်းဒေသကြီး အုတ်တွင်းရဲစခန်းက တရားခံ‌ တွေကို ဖမ်းဆီးကာအမှုဖွင့်လှစ် စုံစမ်းစစ်ဆေးနေပြီး ၊ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ သမီးငယ်ကို တရားသူကြီးက ရှေ့ထွက်စစ်ချက် ရယူခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေကူညီ‌ပေးနေသူ Save The Trees Rescue Team မှ ကို‌ကျော်သူရထံက သိရပါတယ်။

မွေးစားမိဘတွေဖြစ်တဲ့ တရားခံ တင်ဇော်ဝင်းနဲ့ ဇနီးကို အုတ်တွင်းရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ရာဇသတ်ကြီး ပုဒ်မ ၃၄ (ပူးပေါင်းကြံစည်မှု)နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၁၄(အားပေးကူညီမှု)တို့နဲ့ တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက ဖမ်းဆီးကာ ရုံးတင်စစ်ဆေးနိုင်ဖို့ ရမန်ကြီးနှစ်ပတ် ရယူထားတာပါ။

“ဒီနေ့မှာ ရမန်ကြီး မပြည့်ခင် တရားသူကြီးက ရှေ့ထွက်စစ်ချက်ယူတယ်။ ပုဒ်မတပ်တဲ့ အရာရှိက တင်ထားတုန်းမို့ အချက်အလက်က ပြန်မကျသေးလို့ ကျပြီးကာမှပဲ ထပ်တိုးပုဒ်မ ဘာညာ ထပ်သိရမှာ လောလောဆယ် ကျွန်တော်တို့ မသိသေးဘူး ” လို့ ကိုကျော်သူရက သမီးငယ်ရဲ့ အမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ MT News ကို ပြောပါတယ်။

နှိပ်စက် မုဒိမ်းကျင့်ခံရတဲ့ သမီးငယ်က ကုသမှုအတွက် ဆေးခန်းပါ တစ်ပါတည်း ပြသ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။ အစိုးရဆေးရုံမှာ ပြသကုသနေတာမို့ ဆရာ‌၀န်ရက်ချိန်းအတိုင်း ပြနေရပြီး မှုခင်းဆရာ၀န်အပြင် သွားနှင့်ခံတွင်းဆိုင်ရာ၊ အရိုးကြောဆိုင်ရာ၊ ကလေး နားနှာခေါင်းလည်ချောင်းကုသမှုဆိုင်ရာဆရာဝန်ကြီး‌တွေနဲ့ ပြသကုသနေရတဲ့အပြင် သားဖွားမီးယပ်ဆိုင်ရာအထူးကုတွေရဲ့ ညွှန်ကြားကုသမှုဆိုင်ရာ ဓာက်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းတွေ ပြုလုပ်စစ်ဆေးနေရကာ မီးလောင်၊ ရေနွေးပူလောင် ဒဏ်ရာတွေအတွက်လည်း အရေပြားဆရာ၀န်ကြီးနဲ့ အပြင်ဆေးခန်းတစ်ခုမှာ ပြသနရတယ်လို့ သိရပါတယ်။

“ကလေးရဲ့ တချို့ဒဏ်ရာတွေက ဖြစ်ထားတာကြာနေတော့ အသားသေပြီး ကုသဖို့ မဖြစ်နိုင်‌တော့တာလည်းရှိတယ်။ ကလေးက စိတ်ပိုင်းဆိုင်ရာ အတော်ထိခိုက် ခံစားနေရလို့ ကျွန်တော်တို့ဘက်က စိတ်ဒဏ်ရာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေး‌နွေးကုသတာ သူ့ကို ပိုပြီး ဂရုစိုက်ပေးတာတွေ ပိုလုပ်ရပါတယ်။ သွားဖုံးထိခိုက်ထားတာက သွားတွေက ပြန်ပေါက်နိုင်တယ်။ အဓိက စိတ်ပိုင်းဆိုင်ရာနဲ့ အာဟာရပြည့်ဝအောင် ဂရုစိုက်ဆောင်ရွက်ပေးနေပါတယ် “လို့ သမီးငယ်ရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကို MT News ကို ပြောပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *