October 11, 2024

၁၁.၁၀.၂၀၂၄
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်ခဲ့တဲ့ စိုက်ပျိုးမြေဧရိယာတွေအနက် မိုးစပါးဧက ခြောက်ရာကျော်ကို အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ကာ ကျန်စိုက်ပျိုး‌မြေဧကတွေကို ဆောင်းသီးနှံတွေ အစားထိုးစိုက်ပျိုးသွားမယ်လို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဆိုးရွားစွာကြုံတွေ့ရတဲ့ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် တောင်ငူခရိုင်အတွင်းက စိုက်ပျိုးမြေဧက ခုနစ်သောင်းကျော် ရေနစ်မြုပ် ပျက်စီးခဲ့ပြီး တောင်သူတစ်သောင်းခွဲနီးပါးက လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုနဲ့အတူ ရေဘေးဒုက္ခ ကြုံတွေ့ခံစားခဲ့ရတာပါ။ အဲ့ဒီ နစ်မြုပ်ခဲ့တဲ့ စိုက်ပျိုးသီးနှံတွေမှာ တချို့ကလည်း လုံးဝပျက်စီးဆုံးရှုံးသွားသလို တချို့နေရာတွေမှာ ပြန်လည်ကုစားလို့ရနိုင်တဲ့ စိုက်ပျိုးသီးနှံတွေကိုလည်း သက်ဆိုင်ရာဌာနအနေနဲ့ တောင်သူတွေနဲ့ပူးပေါင်းကာ ပညာပေးဆွေးနွေးတာတွေ ပြုလုပ်‌နေပြီး အညွန့်အသစ်ပြန်တက်လာအောင် မြေဆီမြေသြဇာ ပြုပြင်ပေးတာ၊ ဆေးဖျန်းကာကွယ်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးက ဦးသန်းအောင်ဆန်းက “လျှပ်တပြက်ဖြစ်ပေါ်လာတဲ့ အခြေအနေဆိုတော့ တချို့ဒေသတွေမှာ နုန်းဖုံးတဲ့ ဧရိယာထူထပ်တယ် ဆိုရင်တော့ မြေဆီလွှာကို ဓာတ်ခွဲခန်းပို့ပြီး ပြန် လည်စိုက်ပျိုးနိုင်ဖို့ သင့် မသင့် စစ်ဆေးတာတွေ ပြုလုပ်ရပါတယ်။ အခု ရေပြန်ကျပြီး စိုက်ပျိုးနိုင်တဲ့ဧရိယာတွေမှာလည်း ဆောင်းသီးနှံဖြစ်တဲ့ ပဲမျိုးစုံ၊ နေကြာ အစားထိုးစိုက်ပျိုးနိုင်ဖို့နဲ့ ပျက်စီးမိုးစပါးဧကတွေကိုလည်း နွေစပါးမှာ ဖြည့်စွက်စိုက်ပျိုးနိုင်ဖို့ ဌာနအနေနဲ့ အချက်နှစ်ချက် ဖြစ်တဲ့ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး၊ ထိခိုက်တာကို ပြန်လည်ကုစား ပညာပေးဆွေးနွေးတာတွေလည်း ကွင်းဆင်းဆောင်ရွက်နေပါတယ်” လို့ MT News ကို ပြောပါတယ်။

ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် ဂေဟစနစ်တစ်ခုလုံး ပျက်စီးသွားတာမို့ အခုစိုက်ပျိုးမယ့် ဆောင်းသီးနှံတွေမှာ စောင့်ကြပ်ကြည့်ရှုတာတွေပြုလုပ်ပြီး တောင်သူတွေကို ကြိုတင်သတိပေးကာ ကာကွယ်နိုင်အောင်ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း ဒုတိယဦးစီးမှူးကဆိုပါတယ်။

သူက “မြွေ၊ ကြွက်တွေသာမက ပုစဉ်း၊ လိပ်ပြာ၊ပုရွက်ဆိတ် အကျိုးပြုပိုးမွှားတွေလည်း ရေနဲ့အတူ မျောပါပျက်စီးခဲ့တာကြောင့် အခုလို ပြန်စိုက်ပျိုးတဲ့ ကာလမှာ အကျိုးပြုပိုးနဲ့ ဖျက်ပိုး ဘယ်အရာက ပိုအားကောင်းနေမလဲဆိုတာလည်း စောင့်ကြည့်သွားရမှာပေါ့။ ပိုးကောင်ခြင်းပြန်စားတဲ့ အကောင်တွေပါ ရေမျောသွားတာဆိုတော့ ကြို‌တင်ခန့်မှန်းလို့မရသေးပေမယ့် စောင့်ကြည့်ရမှာပေါ့” လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *