October 11, 2024

၁၁. ၁၀. ၂၀၂၄
Written by Thettant

မိသားစုနဲ့ နိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သန့်ဇင်ကို လေးစားမိလို့ သန့်ဇင်ကို အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ ဆုကြေးငွေထဲကနေ တချို့တစ်ဝက်ကို မြန်မာ့ရေဘေးအတွက်လှူဒါန်းပေးမယ်လို့ ဂျပန်ထိပ်တန်းကစ်ဘောင်ဆင်ဖိုက်တာ တကေးရုက လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က One Championship ရဲ့ One Friday Fight 81 မှာ တကေးရုနဲ့ မြန်မာ့ဆယ်ကျော်သက်ဖိုက်တာ သန့်ဇင်တို့ ကစ်ဘောင်ဆင်စည်းမျည်းနဲ့ထိုးသတ်ခဲ့ကြတာပါ။ သန့်ဇင်အဖို့ ကစ်ဘောက်ဆင်ပထမဆုံးပွဲဖြစ်ပေမဲ့ ဂျပန်နိုင်ငံရဲ့ ကစ်ဘောက်ဆင့် Top 3 စာရင်းဝင်သလို ရွှေတံဆိပ်ဆုများစွာရရှိထားသူ တကေးရုတို့ ယှဥ်ပြိုင်ချိန် ပထမအချီမှာ သန့်ဇင်က တကေးရုကို ပထမအချီအတွင်း Knockdown ကျအောင် ထိုးနိုင်ပေမဲ့ ဒုတိယအချီမှာ အလဲထိုးရှုံးခဲ့တာပါ။

ဒီပွဲမတိုင်ခင် သန့်ဇင်က တကေးရုကိုနိုင်ခဲ့ရင် တိုင်ဖွန်းရာဂီကြောင့် မြန်မာနိုင်ငံမှာ လူရာချီသေဆုံးပြီး မိသားစုများစွာ ထိခိုက်ခဲ့တာအတွက် ဆုကြေးကနေ တချို့တစ်ဝက်လှူဒါန်းမယ်လို့ အသိပေးခဲ့သလို သန့်ဇင်နဲ့ အကိုဖြစ်သူထွန်းလွင်မိုးတို့မြတ်နိုးတဲ့ One လက်အိတ်နဲ့ ရွှေခါးပတ်ဆုကိုပါ လေလံတင်ခဲ့သေးတာပါ။

ဒါကြောင့်လည်း တကေးရုက “ဒီလိုယှဥ်ပြိုင် တိုက်ခိုက်မှုမျိုးတွေကနေ လူသားတွေကို ကူညီကယ်တင်နိုင်ကြောင်း၊ ကိုယ်ခံပညာလောကမှာ ဒီလိုမျိုး လူသားဆန်တဲ့ ကူညီလိုမှုရည်ရွယ်ချက်တွေ ဆက်လက်ဖြစ်ပေါ်နေစေလိုကြောင်း၊ ပြိုင်ပွဲမစခင်မှာ သန့်ဇင်က သူရမဲ့ဆုကြေးကနေ သူ့အမိမြေရေဘေးနဲ့ ပျက်စီးမှုတွေအတွက် လှူဒါန်းချင်တာ ကြားသိခဲ့ရတာကြောင့် သူ(တကေးရု)ရတဲ့ဆုကြေးငွေက တချို့တစ်ဝက်ကို ပြန်လည်လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ကြောင်း” တရားဝင်အသိပေးခဲ့သလို မိသားစုနဲ့နိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သန့်ဇင်ကို လေးစားမိကြောင်း ဒီနေ့ သူ့ရဲ့ လူမှုကွန်ရက်မှာ သန့်ဇင်နဲ့ တကေးရုတို့ အပြန်အလှန် ဂါဝရပြုနေတဲ့ပုံနဲ့ ဖော်ပြလာပါတယ်။

ဒါ့အပြင် သန့်ဇင်ရဲ့ စီစဥ်သူ ကိုဖြိုးဝေကလည်း “❤️နှလုံးသားလှတဲ့ ဂျပန်ဖိုက်တာ တာကဲရု(Takeru 🇯🇵) ❤️ သန့်ဇင်‌‌နှင့် မြန်မာလူမျိုးတွေအပေါ်ထားတဲ့ လူသားချင်းစာနာမှု 🙏🏻မကြာသေးမီကမှ One Championship တွင်ညီလေး သန့်ဇင်နှင့် ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ ကမ္ဘာ့အဆင့်ဝင် ဂျပန်ဖိုက်တာ တာကဲရု အနေဖြင့် ညီလေးသန့်ဇင်၏ အဖြစ်ချင်ဆုံးသော ဆန္ဒဖြစ်သော မြန်မာနိုင်ငံ၏ ကြုံတွေနေရသော ရေဘေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်သည့်အတွက် အလွန်ပင် ဝမ်းမြောက် ဂုဏ်ယူလေးစားမိပါသည်။ တာကဲရုမှ လှူဒါန်းသော ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အလှူငွေများအား သက်ဆိုင်ရာ အဖွဲ့အစည်းကော်မတီများနှင့် လိုအပ်သလို ကျွန်တာ် မြဝတီသားလေး စောဖြိုးဝေမှ ဆက်လက်ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တာကဲရုကို မြန်မာပြည်သူလူထုတစ်ရပ်လုံးကိုယ်စား အလွန်ပင် ကျေးဇူးတင်ဝမ်းမြှောက်ဂုဏ်ယူလေးစားမိပါသည်။🇲🇲🤝🇯🇵” လို့ အသိပေးဖော်ပြခဲ့တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *