October 11, 2024

၁၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ၊ အနောက်တောင်ပိုင်း ဘလူးချိစတန်ပြည်နယ်ထဲက ပုဂ္ဂလိကကျောက်မီးသွေးတွင်းငယ်တစ်ခုမှာ ဘယ်အုပ်စုကလဲလို့ သေသေချာချာ မသိရသေးတဲ့ သေနတ်သမားတွေက တွင်းတူးအလုပ်သမားတွေကို ဒီနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်မှာ တန်းစီရပ်ခိုင်းကာ သေနတ်နဲ့ပစ်ခတ်သွားခဲ့ကြတာကြောင့် အနည်းဆုံး ၂၀ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ရတယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်ပစ်ခတ်မှုက အကြမ်းဖက်မှုတွေမြင့်တက်လာနေတဲ့ ဘလူးချိစတန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ရပြန်တာပါ။ အာဖဂန်နစ္စတန်နိုင်ငံနဲ့ အီရန်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘလူးချိစတန်ပြည်နယ်က ပါကစ္စတန်နိုင်ငံရဲ့ သတ္တုပေါကြွယ်ဝတဲ့ပြည်နယ်လည်းဖြစ်ပါတယ်။ အခုအကြမ်းဖက်မှုကတော့ ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သမျှ အကြမ်းဖက်မှုတွေထဲမှာ အဆိုးဝါးဆုံးတစ်ခုလည်းဖြစ်ခဲ့ပြီး ပါကစ္စတန်နိုင်ငံမှာ ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ Eurasian အုပ်စု ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ ရက်ပိုင်းအလိုမှာ ဖြစ်ခဲ့တာပါ။

ဒီအကြမ်းဖက်မှုနဲ့ပတ်သက်လို့ ဘယ်အုပ်စုကမှ သူတို့ ကျူးလွန်ခဲ့တာလို့ ထုတ်ဖော်ပြောကြားခြင်းတော့ မရှိသေးပါဘူး။ သေဆုံးသူတွေထဲမှာ အာဖဂန်နစ္စတန်နိုင်ငံမှလေးဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း လေးဦးပါတယ်လို့ သိရပါတယ်။

ကွတ်တာမြို့ အရှေ့ဘက်မှာရှိတဲ့ ရဲစခန်းမှ ရဲအရာရှိ ဟူမာရွန်ခန်းက “လက်နက်ကိုင်အုပ်စုက ဒူကီနယ်မြေမှာရှိတဲ့ ကျောက်မီးသွေးတွင်းထဲကို ဒီမနက်စောစောမှာဝင်လာကြပြီး အလုပ်သမားတွေကို တန်းစီပစ်ခတ်ခဲ့ကြတာပါ။ တွင်းကိုလည်း ဒုံးကျည်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးတယ်” လို့ ပြောခဲ့ပါတယ်။ လက်နက်ကိုင်တွေက ကျောက်မီးသွေးတွင်းတူးဖော်ရေးမှာ အသုံးချတဲ့ကိရိယာတွေနဲ့ စက်ပစ္စည်းတွေကို မီးရှို့သွားကြတယ်လို့လည်းသိရပါတယ်။

ဘလူးချိစတန် ပြည်နယ်မှာ ဘာလေ့ာ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေကြောင့် မတည်မငြိမ်ဖြစ်နေရ တာ ဆယ်စုနှစ်တွေနဲ့ချီလို့ကြာပါပြီ။ သူတို့က အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အာဖဂန်နစ္စတန်နိုင်ငံသားတွေအများဆုံးပါဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထားခဲ့ကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း သေးငယ်တဲ့ပုဂ္ဂလိကသတ္တုတွင်းတွေမှာ လုပ်ကိုင်ကြတာပါ။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *