October 11, 2024

၁၁.၁၀. ၂၀၂၄
Written by KL

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသတ်ခံရသော အသက် ၁၄ နှစ်အရွယ် မိန်းကလေး အသတ်ခံရမှုဖြစ်စဥ်မှာ ဗိုက်ကြီးသဖြင့် ချစ်သူကို အတည်ယူရန် ပြောရာမှ အပျော်ကြံခဲ့သော အသက် ၁၇ နှစ်အရွယ် ချစ်သူအမျိုးသားက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။

ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၄ နှစ်အရွယ် မငယ်….မှာ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာဖြင့် အသတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ဆားဖိုစုရပ်ကွက် ဘူတာလမ်းတွင် နေထိုင်သော ၎င်း၏ချစ်သူ အသက် ၁၇ နှစ်အရွယ် ထွန်းထွန်းဝင်းကို ဖမ်းဆီးစစ်ဆေးရာမှ ယခုကဲ့သို့ ကျူးလွန်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထွန်းထွန်းဝင်းမှာ မိန်းကလေးကို အပျော်ကြံခြင်းသာဖြစ်ပြီး မိန်းကလေးက ကိုယ်ဝန်ရသဖြင့် အတည်ယူခိုင်းသောကြောင့် ဓားဖြင့်ထိုးကာ သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။ မိန်းကလေးကို ဓားဖြင့်ထိုးသတ်ပြီးနောက် မိန်းကလေး ဝတ်ဆင်ထားသော နားကပ်ကို ဖြုတ်ယူခဲ့ကာ ပြစ်မှုကျုးလွန်ခဲ့သောဓားနှင့် မိန်းကလေး၏ ထမီကို ဆိုင်ကယ်ဖြင့်ယူဆောင်လာပြီး အမှိုက်ပုံတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်၏ အစမှာ အောက်တိုဘာ ၆ ရက်တွင် အဘွားဖြစ်သူကို ရေတံခွန်သွားမည်ဆိုကာ ပျောက်ဆုံးသွားသူ အသက် ၁၄ နှစ်အရွယ် မငယ်….ကို အောက်တိုဘာ ၁၀ရက် နံနက်ပိုင်းက ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ စိတ္တသုခလမ်းရှိ တောစပ်တစ်နေရာတွင် ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့ရာမှ တရားခံမှာ မိန်းကလေးငယ် ဗိုက်ကြီးသဖြင့် တာဝန်မယူလိုသော ချစ်သူအမျိုးသားဖြစ်နေခဲ့ခြင်းဖြစ်သည်။

မိန်းကလေးကို သတ်ဖြတ်ခဲ့သော ၎င်း၏ချစ်သူ ထွန်းထွန်းဝင်းကို ဇင်းကျိုက်နယ်မြေစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *