October 11, 2024

၁၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့နိုင်ငံသား ငါးဖမ်းသမားတစ်ဦးကို မြန်မာ့တပ်မတော်(ရေ) က ပစ်ခတ်လို့ သေဆုံးခဲ့ရမှုအပေါ် အောက်တိုဘာလ ၁၁ ရက်မှာ ကန့်ကွက်မှုပြုတယ်လို့ပြောခဲ့ပြီး ဒီကိစ္စအတွက် စိုးရိမ်မိတယ်လို့လည်း ဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အသက် ၆၀ နှစ်ရှိ အတ်စ်မန်အမည်ရှိ အဆိုပါဘင်္ဂလားဒေ့ရှ်တံငါသည်ကို မြန်မာ့တပ်မတော်(ရေ)က အောက်တိုဘာ ၉ ရက်မှာ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရမှုအပေါ် ကန့်ကွက်လွှာကို မြန်မာအစိုးရထံပေးပို့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ငါးဖမ်းသမားက ကော့စ်ဘဇားဒေသ၊ ရှာပုန်ရီကျွန်းမှာနေထိုင်တာလို့ ဆိုပါတယ်။

ဒက်ကာမြို့ရှိ မြန်မာသံရုံးထံ တရားဝင်ကန့်ကွက်စာပေးပို့ရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အခုလို ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် စိုးရိမ်မှုတွေလည်း ဖြစ်ရပါတယ်၊ မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ်ရဲ့ ရေပိုင်နက်ကိုလေးစားမှုပြုပြီး ရန်စမှုလုပ်ရပ်မျိုးတွေလည်း ရှောင်ကြဉ်ဖို့ ဖော်ပြခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့ပြင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၅၈ ဦးနဲ့ ငါးဖမ်းစက်လှေခြောက်စီးကို ဖမ်းဆီးခဲ့မှုအတွက် စိုးရိမ်မိတယ်လို့ ကန့်ကွက်လွှာက ဆိုပါတယ်။ ဒီစက်လှေတွေမှာတစ်စီးက အတ်စ်မန်ရဲ့ စက်လှေဖြစ်ပြီး သူတို့တွေက စိန့်မာတင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတာလို့ ကန့်ကွက်လွှာအရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေနဲ့ စက်လှေတွေကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့မြန်မာ့တပ်မတော်(ရေ) တို့အကြား ဆက်သွယ်မှုတွေပြုလုပ်ပြီး အောက်တိုဘာလ ၁၀ ရက်မှာ အဆင့်နှစ်ဆင့်ခွဲလို့ ပြန်လွှတ်ပေးခဲ့ပြီလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ မြန်မာအစိုးရကို ဒီလို မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ထပ်တလဲလဲ ဖြစ်ပျက်မှုကို တားဆီးတဲ့ဆောင်ရွက်မှုတွေ ချက်ခြင်းပြုလုပ်ဖို့တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

Ref-Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *