October 11, 2024

၁၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အရှေ့အလယ်ပိုင်းဒေသအတွင်းမှာရှိတဲ့ အနောက်အုပ်စုကိုထောက်ခံတဲ့ အာရပ်နိုင်ငံတွေအနေနဲ့ တကယ်လို့ အစ္စရေးနဲ့ အမေရိကန်ပူးပေါင်းပြီး အီရန်ကိုလက်စားချေတိုက်ခိုက်မှု ပြုလုပ်လာခဲ့ရင် သူတို့ရဲ့ ပိုင်နက်နယ်မြေ ဒါမှမဟုတ် လေပိုင်နက်ကို အသုံးပြုဖြတ်သန်းခွင့်မပေးကြဖို့၊ ဒါမှမဟုတ်ရင် အီရန်အနေနဲ့ ဒီနိုင်ငံတွေကို တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်အစိုးရက အောက်တိုဘာလ ၁၁ ရက်မှာ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။

ဒီခြိမ်းခြောက်မှုကို တိကျပြတ်သားခြင်းမရှိတဲ့ ပြောကြားချက်အဖြစ် သုံးသပ်ကြပြီး ဂျော်ဒန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျနဲ့ ကာတာတို့ကတော့ သူတို့ရဲ့ ရေနံထုတ်လုပ်မှုအခြေခံ အဆောက်အအုံတွေကို အီရန်ကတိုက်ခိုက်လာမှာ စိုးရိမ်စိတ်တွေ မြင့်လာကြတယ်လို သတင်းတွေက ဆိုပါတယ်။

အဆိုပါနိုင်ငံတွေအားလုံးက အမေရိကန်စစ်စခန်းတွေကို သူတို့နိုင်ငံတွေအတွင်း လက်ခံထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အားလုံးက သူတိုနိုင်ငံပိုင်နက်နဲ့ နိုင်ငံတွင်းတွေမှာရှိတဲ့ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတွေကို အီရန်ကို အစ္စရေး သို့မဟုတ် အမေရိကန်ကတိုက်ခိုက်ဖို့ အသုံးပြုမှုကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရကို အကြောင်း ကြားထားတယ်လို့ သိရပါတယ်။

အမေရိကန်အရာရှိတွေကလည်း အမေရိကန်စစ်စခန်းတွေချထားတဲ့ နိုင်ငံအချို့က အမေရိကန်အစိုးရကို ဒီလိုတိုက်ခိုက်မှုတွေကို ခွင့်မပြုနိုင်ဘူးလို့အကြောင်းကြားထားတယ်ဆိုတာ အတည်ပြုခဲ့ကြပါတယ်။

အရှေ့အလယ်ပိုင်းဒေသက အောက်တိုဘာလ ၁ ရက်မှာ အီရန်က အစ္စရေးကို တိုက်ချင်းပစ်ဒုံးပျံတွေ ပစ်လွှတ်တိုက်ခိုက်အပြီး တင်းမာမှုတွေမြင့်တက်ကာ အစ္စရေးက ဘယ်လိုတုံ့ပြန်မလဲ စောင့်ဆိုင်းကြည့်နေရတဲ့အချိန်ဖြစ်နေပါတယ်။

Ref- Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *