October 11, 2024

၁၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာ ၁၂ ဒသမ ၄၈၁ သန်းနှင့် ထိုင်းဘတ် ၃၈ ဒသမ ၇၃၇ သန်း ထပ်မံထုတ်ရောင်း၍ နှစ်လခွဲအတွင်း ဒေါ်လာ ၃၄၂ သန်းကျော်အထိ ထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၁၀ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ နှစ်လခွဲအတွင်း ဒေါ်လာ ၃၄၂ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

အဆိုပါကာလအတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုလည်း ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့သလို အောက်တိုဘာ ၇ ရက်တွင် ထိုင်းဘတ် ၁၀ သန်းနှင့် ယခုထပ်မံရောင်းချသည့် ထိုင်းဘတ် ၃၈ သန်းကျော်အပါအဝင် ထိုင်းဘတ် ၃၆၈ သန်းကျော် ရောင်းပေးခဲ့ကာ တရုတ်ယွမ် ၃၁ သန်းခန့်လည်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာ ၂၇ ရက်မှစတင်၍ ကျပ် ၅၀၀၀ အောက်သို့ ဒုတိယအကြိမ်ကျဆင်းခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၄၅၅၀ အထိ ကျဆင်းခဲ့သည်။ ယခုရက်ပိုင်း ဒေါ်လာဈေး ပြန်လည်မြင့်တက်ခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄၆၂၀ ကျပ် ဖြစ်ပေါ်ခဲ့သဖြင့် နှစ်ပတ်ခန့်ကြာသည့်အထိ တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *