October 11, 2024

◾ ဖလော်ရီဒါပြည်နယ်အား ဟာရီကိန်းမုန်တိုင်းနှင့်အတူ လေဆင်နှာမောင်းများပါတိုက်ခတ်နေ

၁၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဆာရာဆိုတာ ကျွန်းအနီးမှ ဒေသစံတော်ချိန် အောက်တိုဘာလ ၉ ရက် ည ၈ နာရီခွဲခန့်တွင် ကုန်းတွင်းဝင်ရောက်ခဲ့သော အဆင့်(၃) ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် အနည်းဆုံး ပြည်နယ်အတွင်း လူ ၁၄ ဦးသေဆုံးခဲ့ရကြောင်း နောက်ဆုံးသတင်းများက ဖော်ပြခဲ့ကြသည်။

အဆိုပါ သေဆုံးသူများတွင် ဟာရီကိန်းမီလ်တန် ကုန်းတွင်းဝင်ရောက်နေစဉ်မှာပင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းများဖြစ်ပေါ်ရာ ဖလော်ရီဒါပြည်နယ်၏ အတ္တလန်တိတ်ကမ်းရိုးတန်း စိန့်လူစီခရိုင်မှ ခြောက်ဦးပါဝင်ကြောင်းလည်း သတင်းများအရ သိရသည်။

ဟာရီကိန်းမီလ်တန်က ပြည်နယ်တစ်ခုလုံး ပျက်စီးထိခိုက်မှုများဖြစ်စေခဲ့ကာ လေဆင်နှာမောင်းများကိုပါ ပြည်နယ်အတွင်း တစ်ပြိုင်တည်းဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ ဖလော်ရီဒါပြည်နယ်အတွင်း မုန်တိုင်းနှင့်အတူ ရုတ်တရက်ရေကြီးခြင်းများနှင့် မြစ်ရေလျှံကာ ရေလွှမ်းမိုးခြင်းများ၏ဒဏ်ကို လူ ၁၁ သန်းခန့် ခံစားခဲ့ရပြီး ပြည်နယ်အတွင်း လူဦးရေ ၃ ဒသမ ၃ သန်းခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။

ဟာရီကိန်းမီလ်တန် ကုန်းတွင်းမဝင်ရောက်မီ နာရီအနည်းငယ်အလိုကပင် ရာသီဥတုသိပေးချက်များအရ ပြည်နယ်အတွင်း လေဆင်နှာမောင်း အနည်းဆုံး ခုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လေဆင်နှာမောင်းသတိပေးပို့ချက် ၅၃ ကြိမ် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

ဟာရီကိန်းမီလ်တန်က ဖလော်ရီဒါပြည်နယ်အတွင်းသို့ နှစ်ပတ်အတွင်း ဒုတိယမြောက်ဝင်ရောက်သော မုန်တိုင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်အတွင်း တတိယမြောက် ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းလည်းဖြစ်သည်။

ဟာရီကိန်းမုန်တိုင်းများက ရုပ်ကြွင်းလောင်စာများလောင်ကျွမ်းရာမှ အခြေခံအားဖြင့်ဖြစ်လာရသော ရာသီဥတုကပ်ဆိုက်ပြောင်းလဲမှုကြောင့် ဖြစ်လာရကာ ပိုမိုပြင်းထန်ပြီး အန္တရာယ်ရှိသည်ဟု ကျွမ်းကျင်သူများကပြောကြသည်။

Ref -The Guardian

Leave a Reply

Your email address will not be published. Required fields are marked *