October 11, 2024

◾ မြန်မာ့နိုင်ငံရေးကို ပြည်ပတပ်ဖွဲ့တစ်ခုက ဝင်စွက်ဖက်နို​င်ချေရှိပြီး ပြင်းထန်ပြီး ကြီးမားတဲ့အပြောင်းအလဲဖြစ်လာနိုင်လို့ပါ MNDAA ဖော်ပြ

၁၁. ၁၀. ၂၀၂၄
Written by Thettant

လားရှိုးကို သိမ်းပိုက်မှုအပါအဝင် ၁၀၂၇ စစ်ဆင်ရေးနဲ့ နယ်မြေလုနေတာကြောင့် စက်တင်ဘာ ၂ ရက်ကစပြီး အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသလို တရုတ်နဲ့လည်းနီးစပ်တဲ့ MNDAA က အမေရိကန်၊ အာဆီယံနဲ့ အနောက်နိုင်ငံတွေကို ခရီးမထွက်ဖို့နဲ့ MNDAA တပ်ဖွဲ့ဝင်တွေကို တားမြစ်ချက်ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်ရတာက မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပတပ်ဖွဲ့တစ်ခုက ဝင်ရောက်စွက်ဖက်ဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းရထားတဲ့အတွက် MNDAA ကို ပြည်ပအဖွဲ့အစည်းက အတင်းအကျပ်အသုံးမပြုဖို့နဲ့ မလိုလားအပ်တဲ့ အခြေအနေတွေ ပဋိပက္ခနဲ့ အငြင်းပွားမှုက ကာကွယ်ဖို့ဖြစ်တယ်လို့ ဖော်ပြထားသလို မြန်မာ့နိုင်ငံရေးဟာ ပြင်းထန်ပြီး ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်တာကြောင့်လို့လည်း ဖော်ပြထားပေမဲ့ ပြည်ပတပ်ဖွဲ့ကိုတော့ ဘယ်နိုင်ငံတပ်ဖွဲ့လည်း ဖော်ပြမထားတာ တွေ့ရပါတယ်။

တရုတ်ကို မကြာခဏတိုင်တည်ထုတ်ပြန်လေ့ရှိတဲ့ တရုတ်ကိုးကန့်အကြမ်းဖက် MNDAA ဟာ အောက်တိုဘာ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီ ခရီးသွားတာကို တားမြစ်တဲ့အပြင် ခွင့်ပြုချက်မရဘဲ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ညီလာခံအားလုံးကိုလည်း ပါဝင်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အမေရိကန်နဲ့ အနောက်တိုင်း မီဒီယာတွေက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းမှုကို လက်ခံခြင်းပါ တားမြစ်ထားပြီး ဒီနှစ်ထဲ နိုင်ငံခြားမီဒီယာတွေနဲ့ အင်တာဗျူးတာကို လက်မခံဘူးဆိုတာအပြင် ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံ အခြေအနေအပေါ် ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းအမည်သုံးပြီး ရပ်တည်ချက်၊ သဘောထားတွေ မဖော်ပြဖို့လည်း တားမြစ်လိုက်ပါတယ်။

ဒီ စည်းကမ်းချက်တွေ ဖောက်ဖျက်မယ်ဆို အခြေအနေနဲ့ အကျိုးဆက်အပေါ် မူတည်ပြီး တာဝန်ယူရမယ်လို့လည်း MNDAA က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ လက်ရှိအချိန်အထိ ဝင်ရောက်လှုပ်ရှားနေတဲ့ ပြည်ပလက်နက်ကိုင်အဖွဲ့က အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ အထောက်အပံ့နဲ့ လှုပ်ရှားနေတဲ့ Free Burma Ranger အဖွဲ့ရှိနေပြီး ဒီအဖွဲ့က အရင်တစ်ချိန်တုန်းက ကယားပြည်နယ်မှာ အဓိကကျက်စားပေမဲ့ နွေဦးတော်လှန်ရေးမှာတော့ ရှမ်း၊ ကရင်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက PDF ကြီးစိုးတဲ့နေရာတချို့ကိုပါ ဖြန့်ကြတ်လာနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *