October 11, 2024

၁၁.၁၀. ၂၀၂၄
Written by Shwe Phyo

တောင်တရုတ်ပင်လယ်အရေးနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အပါအဝင် အဓိကအခက်အခဲများတိုးလာနေသော်လည်း အာဆီယံအဖွဲ့အနေဖြင့် အရှေ့တောင်အာရှဒေသအတွင်း တည်ငြိမ်သောအဖွဲ့အစည်းအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များအပြင် အမေရိကန်၊ ဂျပန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ အပါအဝင် မိတ်ဖက်နိုင်ငံများမှ ထိပ်တန်းသံတမန်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့သည် လူဦးရေ ၆၈၅ သန်းရှိသော အဖွဲ့အစည်းဖြစ်သလို ကမ္ဘာ့ပို့ကုန်အားလုံး၏ ၈ ရာခိုင်နှုန်း တင်ပို့နေသော အဖွဲ့အစည်းဖြစ်သော်လည်း ဒေသတွင်းအခက်အခဲများကို အဖြေရအောင် တွန်းအားပေးဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ အာဆီယံအဖွဲ့၏ စုစည်းညီညွတ်မှုများ နောက်ပြန်လှည့်သလိုမျိုးဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

သို့သော်လည်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က အာဆီယံအဖွဲ့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့်သံတမန်ရေးကို အဆက်မပြတ်တွန်းအားပေးဆောင်ရွက်လျက်ရှိနေကြောင်း၊ စေ့စပ်ဆွေးနွေးမှုကိုလည်း အရှိန်မြင့်လာစေရန် ကြိုးပမ်းနေကြောင်းပြောသည်။

၎င်းက “အာဆီယံအဖွဲ့ဟာ တည်ငြိမ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့က ပြဿနာတွေကို ဦးစားပေးဆောင်ရွက်တယ်။ လူတွေက ပြဿနာတွေကို အမြဲတမ်း အလေးပေး အလျင်အမြန်ဖြေရှင်းဖို့ ကြိုးပမ်းပေမယ့်အာဆီယံအဖွဲ့ရဲ့နည်းလမ်းကတော့ အဲဒီပြဿနာတွေကိုအချိန်ယူဖြေရှင်းတယ်” ဟု ပြောသည်။

အနီးစပ်ဆုံးဥပမာပြရမည်ဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာခဲ့ပြီး ပြင်ပ မိတ်ဖက်နိုင်ငံများနှင့်အတူ ကုန်သွယ်ရေးသဘောတူညီမှုများ လုပ်ဆောင်နိုင်ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံအဖွဲ့က အမေရိကန်ဒေါ်လာ ၂၃၀ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်နိုင်ခဲ့ကြောင်း အာဆီယံအထွေထွေအတွင်းရေး မှူးချုပ်က ပြောသည်။

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး “အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာ နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်။ ကျွန်တော်တို့ဟာ အချိန်ယူ၊ သည်းခံရမယ်။ မြန်မာ့နိုင်ငံရေးအခက်အခဲဟာ ခက်ခဲရှုပ်ထွေးပြီး ချက်ချင်းဖြေရှင်းလို့ရနိုင်မယ်လို့ မမျှော်လင်ထားသင့်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သော လူပေါင်း ၁၈ ဒသမ ၆ သန်းကျော်သည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းဖော်ပြခဲ့ဖူးသည်။

REF, bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *