October 11, 2024

၁၁.၁၀. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသည် ဖြစ်ပွားလျက်ရှိနေသည့် အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်လှစ်ခဲ့ကြောင်း၊ မလေးရှားအစိုးရအနေဖြင့် မြန်မာ့အရေးတွင်ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းအပေါ်သို့ ခေါ်ဆောင်ပေးသည့် အခွင့်ရေးကို ရယူနိုင်ရန် လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ မိုဟာမတ် ဟာဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသည် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုနှစ် လာအိုနိုင်ငံတွင်ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးစေလွှတ်ခဲ့ပြီး တိုးတက်ကောင်းမွန်မှုများရှိလာခဲ့ကြောင်း၊ မလေးရှားအစိုးရအနေဖြင့် မြန်မာ့အရေးကို ဆွေးနွေးအဖြေရှာရန် ကြားဝင်စေ့စပ်ပေးသောနိုင်ငံအဖြစ် ပါဝင်ရန် ဆန္ဒရှိနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခွင့်ရမည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ” မြန်မာနိုင်ငံဟာ အရင်တုန်းက တံခါးပိတ်ထားခဲ့တယ်။ သူတို့ဟာ စေ့စပ်ဆွေးနွေး၊ ဆက်သွယ်ဆောင်ရွက်မှုအားလုံး လုပ်ဆောင်ဖို့မလိုလားခဲ့ဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာအစိုးရဟာ စေ့စပ်ဆွေးနွေးဖို့ တံခါးတွေ ဖွင့်လှစ်လိုက်ပြီး သက်ဆိုင်ရာအဖွဲ့စည်းအသီးသီးနဲ့ စေ့စပ်ဆွေးနွေးရာကနေ အခွင့်အရေးကေင်းတွေရဖို့ လိုလားဆန္ဒရှိနေတယ်” ဟု အောက်တိုဘာ ၁၀ ရက်က လာအိုနိုင်ငံတွင်ပြုလုပ်သော အာဆီယံဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံအဖွဲ့အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ရာ လက်ရှိအချိန်တည်းက ကြိုတင်ပြင်ဆင်နေပြီး မြန်မာအစိုးရနှင့် ကနဦး စေ့စပ်ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ၎င်းက ထပ်မံပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “ကျွန်တော်တို့ဟာ သူတို့ကို တွန်းအားပေးမပေးပါဘူး။ သူတို့ဟာ မလေးရှားနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးဖို့ စောင့်ဆိုင်းနေတယ်။ ဒါကြောင့် သူတို့ဟာ မလေးရှားနဲ့ ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။ မလေးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အချိန်နောက်ပိုင်းတည်းက ကျွန်တော်တို့အတွက် စေ့စပ်ဆွေးနွေးဖို့ အရာရာတိုင်းပိုမိုလွယ်ကူဖွယ်ရှိနေပါတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံကလည်း မြန်မာ့အရေးကို စေ့စပ်ဆွေးနွေးသူအဖြစ် ကြားဝင်ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာမီ မလေးရှားနိုင်ငံကလည်း မြန်မာ့အရေးကို ကြားဝင်လုပ်ဆောင်ပေးလိုကြောင်း ထုတ်ဖော်ပြောကြားလာခြင်းလည်းဖြစ်သည်။

ထို့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “တစ်ဖက်တည်းနဲ့ စေ့စပ်ဆွေးနွေးနေရုံနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို ဆွေးနွေးဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အဲဒီ မြန်မာ့အရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေဟာ အခြားအဖွဲ့အစည်းတွေထက် ပိုမိုအင်အားတောင့်တင်းတယ်လို့ ပြောဆိုနေလို့ တစ်ဖက်တည်းနဲ့ ဆွေးနွေးလို့ မရနိုင်ဘူး” ဟု ပြောသည်။

REF, Thestar

#Myanmar #malaysia #asean

#ငြိမ်းချမ်းရေး #MT #mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *