October 11, 2024

၁၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံခြား‌ငွေလဲလှယ်ကောင်တာ (Money Changer) များ နိုင်ငံခြား‌ငွေ ပြန်လည် ဝယ်ယူရာတွင် ဗဟိုဘဏ် FX Online Trading Platform ဈေးနှုန်းအတိုင်းဝယ်ယူရန်နှင့် ရောင်းချပါက အဆိုပါဈေးနှုန်းထက် အမြင့်ဆုံး +၁၀ ကွာဟမှုဖြင့်သာ ရောင်းချရန် ညွှန်ကြားထားကြောင်း ဗဟိုဘဏ်က အတည်ပြုဖြေကြားသည်။

Money Changer များတွင် ဒေါ်လာ အရောင်းနှင့်အဝယ်များကို Online Trading Platform ဈေးနှုန်း တစ်ဒေါ်လာ ၃၅၀၀ ဝန်းကျင်ဖြင့် ရောင်းချရန် ဗဟိုဘဏ်မှ ညွှန်ကြားထားမှု ရှိ/မရှိနှင့် ပတ်သက်ပြီး Myanmar Transparency News သတင်းဌာနမှ မေးမြန်းမှုအပေါ် ဗဟိုဘဏ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်၏ ဖြေကြားချက်မှာ “Money Changer များအနေဖြင့် နိုင်ငံခြားသုံးငွေများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဝယ်ရောင်းဈေးနှုန်း သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍လည်း ညွှန်ကြားချက် ထုတ်ပြန်ပေးထားပါသည်။ ညွှန်ကြားချက်အရ နိုင်ငံခြားငွေများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဝယ်ဈေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ FX Trading Platform တွင် တင်ပြချက်များအပေါ် တွက်ချက်ထားသော Optimum Level ရှိ Average Rate အရ သတ်မှတ်ထားသည့် FX Trading Rate အတိုင်း သတ်မှတ်ပြီး ရောင်းဈေးကို သတ်မှတ်ရာတွင် FX Trading Rate +၁၀ ကျပ်ဖြင့် အမြင့်ဆုံး ဆောင်ရွက်ရန်သတ်မှတ်ထားပါသည်။ လက်ရှိ FX Trading Rate မှာ (၃၀-၉-၂၀၂၄) ရက်နေ့တွင် ကျပ် ၃,၅၂၉ ဖြစ်ပြီး အတက်အကျရှိနေမည်ဖြစ်ပါသည်။ FX Trading Rate ကို မြန်မာ့နိုင်ငံတော်ဗဟိုဘဏ် Website တွင် ဖော်ပြပေးထားပါသည်။ Money Changer များ၏ Board များတွင်လည်းကြေညာထားပါသည်။ ပုံသေ ၃,၅၀၀ ဝန်းကျင်ဆိုပြီး သတ်မှတ်ထားခြင်း မရှိပါ” ဟု ဖြေကြားထားသည်။

ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးနှုန်းတည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ (၂၀၁၃ ခုနှစ်) နှင့်အညီ ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားငွေများဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့် (Money Changer) လိုင်စင်အား ဘဏ်များကိုလည်းကောင်း၊ ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲအစည်းများကို လည်းကောင်း လိုင်စင်ချထားပေးပြီး စိစစ်ကြပ်မတ်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက် (ယမန်နေ့)တွင် ဗဟိုဘဏ်မှ ကြေညာထားသည့် FX Market Online Trading Platform ဈေးနှုန်းမှာ တစ်ဒေါ်လာ ၃၅၅၄ ကျပ်ဖြစ်သည်။ သို့သော် မြေပြင်အခြေအနေတွင်မူ ဒေါ်လာရောင်းမည်ဆိုပါက အဆိုပါဈေးနှုန်းဖြင့် ဝယ်ယူနေပြီး ဒေါ်လာဝယ်ယူမည်ဆိုပါက ဝယ်ယူလိုသည့်ပမာဏနှင့် အခြားအချက်လက်များကို တောင်းခံနေသည့်အပြင် မည်မျှရောင်းချပေးမည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသည်ကို တွေ့ရှိရသည်။

“ဝယ်မယ်ဆိုရင် ဘာလို့ဝယ်တာလဲ။ ဘယ်မှာသုံးမှာလည်းမေးပြီးတော့ ဒီဈေးနှုန်းနဲ့ဝယ်ပြီး အပြင်မှာ ပြန်ရောင်းတဲ့ ဈေးကွက်မဖြစ်အောင်လို့ပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ Money Changer တစ်ခုမှ တာဝန်ရှိသူကဆိုသည်။

အထက်ပါ အခြေအနေများကြောင့် နိုင်ငံခြားငွေအသေးသုံး လိုအပ်သူများအနေဖြင့် ဒေါ်လာဈေးနှုန်းသည် ရွှေဈေးကွက်ကဲ့သို့ ရည်ညွှန်းရွှေဈေးသတ်မှတ်ပြီးနောက် ရောင်းဈေးနှင့်ဝယ်ဈေး ပုံစံနှစ်မျိုးဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

“ရွှေဈေးလို ဒေါ်လာဈေးကိုလည်း ရောင်းဈေးနဲ့ ဝယ်ဈေး နှစ်မျိုးဖြစ်လာမှာစိုးရိမ်ရတယ်။ ရောင်းရင် သတ်မှတ်ဈေးနဲ့ ရောင်းရပြီး ပြန်ဝယ်ရင် အပြင် Black Market ပေါက်ဈေးနဲ့ ဝယ်ရမယ်ပုံစံဖြစ်လာမှာကို စိုးရိမ်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ နိုင်ငံခြားခရီးစဉ်များအတွက် အသေးသုံးဒေါ်လာလိုအပ်သူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးနှုန်းမှာ အောက်တိုဘာ ၈ ရက်တွင် တစ်ဒေါ်လာ ၄၇၂၀ ကျပ်၊ အောက်တိုဘာ ၉ ရက်တွင် တစ်ဒေါ်လာ ၄၇၀၀ ကျပ်၊ အောက်တိုဘာ ၁၀ ရက်(ယမန်နေ့)တွင် တစ်ဒေါ်လာ ၄၆၅၀ ကျပ် ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *