October 11, 2024

၁၁.၁၀. ၂၀၂၄
Written by Htwe Ko Tun & Shwe Phyo

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့်အခက်အခဲပြဿနာများ အဆုံးသတ်ရန် ကြိုးပမ်းအားထုတ်မှုအဖြစ် အလွတ်သဘောတိုင်ပင်ဆွေးနွေးမှုများလုပ်ဆောင်ရန် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

ထိုင်းနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း နိုင်ငံများ၏ အားပေးထောက်ခံမှုဖြင့် ဒီဇင်ဘာလအတွင်း မြန်မာ့အရေးကို အလွတ်သဘောတွေ့ဆုံဆွေးနွေးရန်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် အဆိုပြုထားကြောင်း သိရပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ နီကွမ်ဒီ ဘလန်ကူက ” ကျွန်တော်တို့ရဲ့အဆိုပြုကမ်းလှမ်းချက်တွေကို လက်ရှိအာဆီယံအလှည်ကျဥက္ကဋ္ဌနိုင်ငံ လာအိုနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်အဖြစ်တာဝန်ယူမယ့် မလေးရှားနိုင်ငံတို့က ထောက်ခံထားတယ်။ ဒါကြောင့် မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်မယ်လို့ ယုံကြည်ထားတယ်” ဟု ပြောသည်။

၎င်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးကို အဓိကစိုးရိမ်စရာအဖြစ် သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန် တွေ့မြင်လိုနေကြောင်း ပြောသည်။

အာဆီယံအဖွဲ့ခေါင်းဆောင်များသည် မြန်မာ့အရေးတွင်ပါဝင်နေသည့် အဖွဲ့အစည်းအားလုံး အထူးသဖြင့် လုံခြုံရေးအဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကြားတင်းမာမှုအရှိန်လျှော့ချရန်နှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို မလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ခေါင်းဆောင်များသည် SAC အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ရယူနိုင်ခဲ့သော်လည်း အာဆီယံသဘောတူညီချက်ငါးချက်က သုံးနှစ်ကျော်ချိန်အထိတိုးတက်မှုမရှိသေးကြောင်း ဝေဖန်မှုများရှိနေသည်။

အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံအဖွဲ့ခေါင်းဆောင်များသည် မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံနှင့် ထိတွေ့ စေ့စပ်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးအခက်အခဲသည် ခက်ခဲရှုပ်ထွေးပြီး အလျင်အမြန် ဖြေရှင်းနိုင်မည့်အခက်အခဲပြဿနာမျိုးအဖြစ် မမျှော်လင့်ထားသင့်ကြောင်း ပြောသည်။

SAC အဖွဲ့သည် လက်ရှိအချိန်တွင် ပိုင်နက်နယ်မြေများ ဆုံးရှုံးထားသော်လည်း လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့်ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပနိုင်ရန် တွန်းအားပေးလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Kao Kim Hourn က ” အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးမှာ ပါဝင်ဆက်နွှယ်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်လာစေဖို့ တွန်းအားပေးဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်။ အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူတွေအတွက်လည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ တိုးမြှင့်ကူညီနိုင်ဖို့ စီစဉ်နေတယ်”ဟု ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ အဆိုပြုချက်အရ အဆိုပါအစည်းအဝေး၌ မြန်မာနိုင်ငံအနီး သြဇာကြီးမားသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့ကိုလည်း ဖိတ်ကြားသွားရန် တင်ပြထားသည်ဟု သိရသည်။

သို့သော် မြန်မာအစိုးရကို ဖိတ်ကြားခြင်းပြုမပြုကမူ လက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်မှုအပေါ်မူတည်နေသည်ဟုလည်း နီကွန်ဒီက ဆက်လက်ပြောဆိုသည်။

အာဆီယံအနေဖြင့် မြန်မာအစိုးရခေါင်းဆောင်များကို နိုင်ငံတွင်းငြိမ်းချမ်းရေးရရန် အာဆီယံ၏တောင်းဆို ချက်များ လိုက်လျောမှုမပြုမချင်း အာဆီယံအစည်းအဝေးများ မဖိတ်ကြားရန်ပိတ်ပင်ထားပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် နိုင်ငံရေးနှင့်မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးသာ တက်ရောက် ခွင့်ပြုခဲ့သော်လည်း မြန်မာအစိုးရဘက်က အဆိုပါဆုံးဖြတ်ချက်ကို လက်မခံဘဲ ကိုယ်စားလှယ်စေလွှတ်ခြင်းရပ်ဆိုင်းခဲ့သည်။

သို့သော် ၂၀၂၄ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်မူ အာဆီယံက တစ်ထစ်လျှော့၍ မြန်မာအစိုးရ နိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးအောင်ကျော်မိုးကို အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ မြန်မာအစိုးရကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းအား လက်ခံခဲ့မှုကြောင့် အနည်းငယ်တိုးတက်လာခဲ့သည်ဟု ယူဆရသည်။

REF , bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *