October 11, 2024

၁၁. ၁၀.၂၀၂၄
Written by Thettant

ကိုယ်ကျိုးစီးပွား​ရှာတဲ့ ပြဿနာတွေမှာ အသင်းနာမည်အသုံးပြုရင် အ​ရေးယူမယ်လို့ YMBA က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

သက်တမ်း ၁၁၈ နှစ်ရှိတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဟာ သမိုင်းဝင်အသင်းကြီးဖြစ်ပြီး အသင်းကြီးဟာ သမိုင်းတစ်လျှောက် ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမှ အသင်းအမည် / အသင်း အနေနဲ့ လုပ်ဆောင်ခဲ့ခြင်း အလျှင်းမရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ မိမိတို့ တစ်သီးပုဂ္ဂလ ကိုယ်ကျိုးစီးပွားအတွက် အသင်းအမည် YMBA အမည်သုံးပြီး အသင်းကြီးက စီးပွားရေး လုပ်ဆောင်နေတယ်/ အသင်းဝင်တွေက အသင်းအမည် YMBA သုံးကာ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပြင် ပုဂ္ဂိုလ်ရေး တိုင်တန်းမှုတွေနဲ့ လူမှုကွန်ရက်တွေမှာလည်း အသင်းအမည်နာမကို ထည့်သွင်းအသုံးပြု ဖော်ပြလာကြတာကို တွေ့ရှိလာရတယ် ပြောပါတယ်။

YMBA အသင်းကြီးမှာ နိုင်ငံတဝှမ်းလုံးက အသင်းဝင်ပေါင်း မြောက်မြားစွာရှိသလို အသင်းဝင်တို့ရဲ့ နေထိုင်ရှင်သန် ရပ်တည်မှုတို့မှာလည်း နယ်ပယ်စုံကဏ္ဍစုံကဖြစ်တာဟာ အရှိတရားဖြစ်ပြီး အသင်းဝင်တို့ရဲ့ ကိုယ်ပိုင်စီးပွားရေးကဏ္ဍဟာ စီးပွားရေးမလုပ်ဆောင်တဲ့ အသင်းကြီးနဲ့လည်း သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို “အသင်းစည်းမျဉ်း အခန်း(၅) အပိုဒ်(၁၃/ဆ)”အရ “အသင်းဝင်များသည် အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ အသင်းအမည်အား သုံးစွဲခွင့်မရှိ” ကြောင်းနဲ့ “အသင်းစည်းမျဉ်း အခန်း(၅) အပိုဒ်(၁၄/ဃ)”အရ “အကျင့်စာရိတ္တနှင့် ပတ်သက်သော ပြစ်မှုတစ်ခုခုကြောင့် ပြစ်ဒဏ်ကျခံရလျှင် အသင်းဝင်အဖြစ်မှ ရပ်ဆဲသွားမည်” ဖော်ပြထားသလို “အသင်းစည်းမျဉ်း အခန်း(၅) အပိုဒ်(၁၄/င) အရ “အသင်း၏ ပုံရိပ်ကျဆင်းစေရန်နှင့် အသင်းအကျိုးစီးပွားပျက်ပြားရာ ပျက်ပြားကြောင်းပြုသည်ဟု အမှုဆောင်အဖွဲ့က ထင်ထင်ရှားရှား စုံစမ်းတွေ့ ရှိလျှင် အသင်းဝင်အဖြစ်မှ ရပ်စဲသွားမည်”လို့ အတိအလင်းပြဆိုထားတယ်လို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကိုယ်ကျိုးစီးပွားမှာ အသင်းအမည်အသုံးပြုတဲ့ ပြဿနာတစ်စုံတရာ ပေါ်ပေါက်လာမယ်ဆို အသင်းကြီးက စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းနိုင်ပြီး စစ်ဆေးတွေ့ ရှိချက်တွေအပေါ် စည်းမျဉ်းနဲ့အညီ ဆောင်ရွက်လေ့ရှိသလို လက်ရှိမှာလည်း စုံစမ်းစစ်ဆေးရေး ကော်မတီနဲ့ စစ်ဆေးဖော်ထုတ်ထားပြီးဖြစ်တာကြောင့် အသင်းအမည်ကို မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးပြုတာ၊ ကိုယ်ကျိုးစီးပွားကိစ္စကြောင့် ဖြစ်ပွားကြတဲ့ ပြဿနာတွေမှာ အသင်းအမည်ကိုအသုံးပြု တိုင်တန်းတာ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ အသင်းအမည်ကို ခွင့်ပြုချက်မရဘဲ ဖော်ပြတာကို တွေ့မယ်ဆို အသင်းစည်းမျဉ်းအရ အသင်းဝင်အဖြစ်က ရာသက်ပန်ရပ်စဲမယ့်အပြင် တည်ဆဲဥပဒေအရပါ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *