October 11, 2024

၁၁.၁၀. ၂၀၂၄
Written by Shwe Phyo

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကျူးလွန်သူတစ်ဦးအဖြစ် သံသယရှိခံရသော တရုတ်နိုင်ငံသားကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဘာလီကျွန်းရှိ Ngurah Rai နိုင်ငံတကာလေဆိပ်တာဝန်ရှိသူများသည် LQ,အမည်ရှိ တရုတ်နိုင်ငံသားသည် စင်ကာပူနိုင်ငံသို့ သွားရောက်ရန်အတွက် ခရီးထွက်မည့်အစီအစဉ်ကို ငြင်းဆန်ခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလိမ်လည်မှုများ ကျူးလွန်သည့်အတွက် ဖမ်းဆီးရန် အလိုရှိခံနေရသူဖြစ်ကြောင်း သိရသည်။

Ngurah Rai လေဆိပ်၏ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် တရုတ်နိုင်ငံသားနှင့်ပတ်သက်သော ဇီ၀ဆိုင်ရာအချက်အလက်များကို အသေးစိတ်စစ်ဆေးခဲ့ပြီးနောက် တရုတ်အစိုးရက ဖမ်းဆီးရန်အလိုရှိခံရသူတစ်ဦးဖြစ်နေသည့်အချက်ကို တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား ဥပဒေနှင့် လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ အကြီးအကဲကာရင်က ပြောသည်။

၎င်းသည် ပြီးခဲ့သော စက်တင်ဘာ ၂၆ ရက်နေ့တွင်တူရကီနိုင်ငံသား ပတ်စ်ပို့ဖြင့် စင်ကာပူနိုင်ငံမှ ဘာလီကျွန်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ တူရကီ ပတ်စ်ပိုစ့်ထဲတွင် အမည်ကို ဂျိုလင်းဟု အမည်ပေးထားကြောင်း သိရသည်။

နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်က ၎င်းကိုဖမ်းဆီးရန် အမိန့်မထုတ်ပြန်ခင် တစ်ရက်အလို စက်တင်ဘာ ၂၆ ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ဘာလီကျွန်းသို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်တာပိုလ်အဖွဲ့သည် နိုင်ငံတစ်နိုင်ငံမှ အလိုရှိနေသူတစ်ဦးကို ဖမ်းဆီးရန် သို့မဟုတ် ထိန်းသိမ်းထားရန် ကမ္ဘာတဝှမ်းရှိ ရဲတပ်ဖွဲ့အေဂျင်စီများထံ စက်တင်ဘာ ၂၇ ရက်နေ့တွင် သတိပေးအကြောင်းကြား စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အင်ဒိုနိးရှားရဲတပ်ဖွဲ့၏ နိုင်ငံတကာရဲတပ်ဖွဲ့ဌာနအကြီးအကဲဖြစ်သူ ကရစ်နာမော်တီက ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်း ပြု မပြုကို အချိန်ယူဆုံးဖြတ်သွားရမည်ဖြစ်ကြာင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အင်ဒိုနီးရှားအာဏာပိုင်များသည် လက်ရှိချိန်တွင် လိမ်လည်မှုများကျူးလွန်သူအဖြစ် သံသယရှိကာ ဖမ်းဆီးထားသူကို အမှန်တကယ် တူရကီနိုင်ငံသား ဟုတ် မဟုတ်ဆိုသောအချက်ကို အတိအကျ အတည်ပြုရန် လိုအပ်နေသလို အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရန် နိုင်ငံကူးလက်မှတ်အတုအသုံးပြုခြင်းရှိ မရှိ အသေးစိတ်စစ်ဆေးခြင်းမျိုး မပြုလုပ်ရသေးကြောင်းသိရသည်။

ကရစ်နာမော်တီက “သံသယရှိခံရသူရဲ့အခွင့်ရေးကို လေးစားရမယ်။ သံသယရှိသူဟာ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ဥပဒေချိုးဖောက်မှု ကျူးလွန်တာတွေ မရှိခဲ့ဘူး”ဟု ပြောသည်။

REF, AP

Leave a Reply

Your email address will not be published. Required fields are marked *