October 10, 2024

◾ နားလည်မှုလွဲသည့် အကြောင်းအရာများရှိပါက အချိန်အနည်းငယ်စောင့်ရမည်ဖြစ်ပြီး ပြန်လည်အဆင်ပြေသွားမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြော

၁၁.၁၀.၂၀၂၄
Written By Zun

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့်အခမ်း အနားသို့တက်ရောက်ရန် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO )ကို ဖိတ်ကြားပြီးမှ ပြန်ရုပ်သိမ်းခံရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။

“အခု လာမယ့် ၁၅ ရက်နေ့မှာ NCA ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲ ရှိတယ်။ နှစ်တိုင်းလုပ်နေကြ။ ဒီနှစ်က ၉ နှစ် ပြည့်နှစ်ပတ်လည်။ ကျွန်တော်တို့က NCA လမ်းကြောင်းကို လိုက်မယ်လို့ ကတိပေးထားတဲ့သူတွေ။လက်မှတ်လည်းထိုးထားတယ်။ ကတိလည်းပေးထားတယ်။ သို့သော် NCA နှစ်ပတ်လည်ပွဲကို NSPNC က ဗိုလ်မှူးကြီး ထွန်းထွန်းနောင်တို့အဖွဲ့ကတော့ အဓိကပေါ့။သူတို့က ဖိတ်တယ်။ ကျွန်တော်လည်းသွားမယ်ဆိုပြီးတော့ လေယာဉ်ပျံလက်မှတ်တွေဘာတွေ လုပ်ထားတယ်။ သို့သော် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်မှ ဖိတ်ထားတာကို ပြန်လည်ရုပ်သိမ်းပါတယ်လို့ ပြောလာတော့ မြန်မာနိုင်ငံကို အခု မလာဖြစ်တော့ဘူးပေါ့။ ဘာဖြစ်လို့ ဖိတ်ပြီးတော့မှ ပြန်ရုပ်သိမ်းတယ်ဆိုတာ မသိဘူး။ သို့သော် NSPNC ရဲ့ အဖွဲ့နဲ့က လုပ်ဖော်ကိုင်ဘက်တွေပါ။သူတို့လည်း သဘောပေါက်ပါတယ်။ အထက်တစ်ဆင့်ကိုတင်လိုက်တဲ့အခါ အထက်က ငြင်းပယ်လိုက်တာဖြစ်မယ်။ ဒါပေမဲ့ နားလည်ပါတယ်။ နားလည်မှုလွဲတဲ့ဟာလေးတော့ ခဏစောင့်ရမှာပေါ့။ အဆင်ပြေမှာပါ။ လကုန်လောက်တော့ အဆင်ပြေမှာပါ။ အခုတော့ စီစဉ်တဲ့အတိုင်း မဖြစ်ဘူးပေါ့။ ဖိတ်စာက ပို့ပြီးပြီ။ ပြန်လည်ရုပ်သိမ်းတယ်ဆိုတော့ ဘာတတ်နိုင်မှာလဲ။ အခုတိုင်းပြည်အခြေအနေက ကမောက်ကမ လို့ခေါ်တယ်လေ။ ပုံမှန်အခြေအနေမဟုတ်ဘူးလေ။ ဖြစ်တတ်ပါတယ်”ဟု ယင်းက MT News ကို ပြောသည်။

ယခုလာမည့်အောက်တိုဘာလ (၁၅) ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည့် အဆိုပါအခမ်းအနားသို့တက်ရောက်ရန်အတွက် နစကအစိုးရအနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၊ NCA စာချုပ်တွင် အသိသက်သေများအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သူများကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်က စတင်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖိတ်ထားပြီးပြီ။ မနှစ်ကလိုဘဲ ဖိတ်တာပေါ့။အခမ်းအနားလုပ်တဲ့နေ့ညနေပိုင်းမှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုလည်း လုပ်ဖို့ စီစဉ်နေတယ်လို့ပြောတယ်”ဟု KNU/KNLA-PC မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က MT News ကို ပြောပြသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အနေဖြင့် ဦးဆောင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီး လက်တ လောအခြေအနေအရ ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ကာ ဗိုလ်မှူးခွန်မင်းသိန်းက အထွေထွေ အတွင်းရေးမှူး ၊ နန်းယဉ်ယဉ်စိုးက တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူကြမည်ဟု ယမန်နေ့ အောက်တိုဘာလ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

ယခုနှစ်တွင် လက်ရှိ ဥက္ကဋ္ဌက အဖွဲ့၏ မူဝါဒလမ်းစဉ်များနှင့် သွေဖယ်လျက် (NCA)ကို ပစ်ပယ်ပြီး ပအိုဝ်းအမျိုး သားတို့၏ အေးချမ်းသာယာဖွံ့ဖြိုးမှုကို ထိခိုက်စေသော ဒေသတွင်းတိုက်ပွဲများဖော်ဆောင်လာသည့်အတွက် ပအိုဝ်းအမျိုးသားဒေသအများစုမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ဒေသခံတို့ အသက်အိုးအိမ်စည်းစိမ်များ လည်း ဆုံးရှုံးခဲ့ရကြောင်း ၊ ထို့ကြောင့်ပအိုဝ်းအမျိုးသားတို့၏ အေးချမ်းသာယာဖွံ့ဖြိုးမှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းမှု တို့ကိုရှေးရှုလျက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာအနေဖြင့် အရေးပေါ်အခြေအနေတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းစဉ်နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *