October 10, 2024

၁၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံအနေဖြင့် MSME စီးပွားရေးလုပ်ငန်း အကောင်အထည်‌ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်း ၃၀ ရာခိုင်နှုန်းအထိသာ ပါဝင်နေသး၍ GDP ပါဝင်မှုအချိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်အတွက် MSME စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄)တွင် ပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်‌ရေးအတွက် တိုင်းပြည်၏ အဓိကမောင်းနှင်အားမှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးတွင် MSME သည် အဓိကအခန်းကဏ္ဍမှပါဝင်ခြင်းကြောင့် MSME စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေ‌ရေး နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံအနေဖြင့် MSME စီးပွားရေးလုပ်ငန်း အကောင်အထည်‌ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်း ၃၀ ရာခိုင်နှုန်းအထိသာ ခန့်မှန်းပါဝင်လျက်ရှိသေး၍ GDP ပါဝင်မှုအချိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် MSME လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်း‌ဒေသကြီးရှိ MSME အေဂျင်စီများက သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၏ အနီးကပ် ဦးဆောင်လမ်းညွှန်မှုဖြင့် စုပေါင်းဆွေးနွေးပြီး နည်းလမ်းများဖော်ထုတ်၍ မိမိတို့၏ OROP မှတစ်ဆင့် MSME စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်နေကြရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ဒေသအလိုက် MSME စီးပွားရေးလုပ်ငန်းများ၏ GDP ပါဝင်နှုန်းကို ကြည့်မည်ဆိုပါက အရှေ့တောင်အာရှနိုင်ငံများတွင် ပျမ်းမျှ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြားရှိပြီး အာဆီယံနိုင်ငံများတွင် ၃၉ ရာခိုင်နှုန်းနှင့် OECD ( Organisation for Economic Co-operation and Development) နိုင်ငံများတွင် ၄၁ ဒသမ ၅၈ ရာခိုင်နှုန်းပါဝင်ကြောင်း၊ အလုပ်အကိုင်ရှာဖွေဖော်ထုတ်ပေးနိုင်မှုအနေဖြင့် အ‌ရှေ့တောင်အာရှနိုင်ငံများတွင် ၆၆ ဒသမ ၈၇ ရာခိုင်နှုန်းရှိပြီး အာဆီယံနိုင်ငံများ၌ ၇၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် OECD နိုင်ငံများ၌ ၆၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်များအရ သိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *