October 10, 2024

၁၀.၁၀.၂၀၂၄
Written By Thandar

မကြာခင် ပြည်ပနိုင်ငံတွေကို သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe Myanmar 2024 အလှမယ်သက်စံအန်တာစံနဲ့ Miss Earth Myanmar 2024 အလှမယ် သော်တာစန်းတို့ မီဒီယာမိတ်ဆက်ပွဲကို ယနေ့ အောက်တိုဘာ ၁၀ ရက် ‌ညနေပိုင်းက ရန်ကုန်မြို့ ဗဟိုလမ်းရှိ PMM Business Center မှာကျင်းပခဲ့ပါတယ်။

“သူတို့ကတော့ ဒီလ အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ရက်မှာ တစ်ရက်ဆီပဲကွာတယ် သွားကြမှာကလေ။ Miss Earth ဆိုလည်း ပထမဆုံးပြိုင်မှာဖြစ်တယ်။ အတွေ့အကြုံသစ်တွေရမယ်။ သက်စံအတွက်လည်း စိတ်ထဲမှာ အများကြီးကို မျှော်လင့်ထားတယ်။ ရလဒ်ကောင်းတွေလာဖို့အတွက် ဆုတောင်းပေးနေပါတယ်။ Organization ဘက်က လုပ်ပေးရမယ့်အရာတွေအကုန်လုံး၊ ပြင်ဆင်ရမှာ ပြင်ဆင်ပေးထားပါတယ်။ National Costume ကလည်း ထုံးစံအတိုင်း ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ Treatment တစ်ခုယဉ်ကျေးမှုတစ်ခု ဘာလုပ်မလဲ သေချာစဉ်းစားပြီးတော့ အရင်နှစ်တွေနဲ့ မတူအောင် ချစ်စရာလည်းကောင်းအောင်စဉ်းစားထားပါတယ်” လို့ Miss Universe National Director ဒေါ်စိုးယုဝေက ပြောပါတယ်။

Miss Earth Myanmar 2024 အလှမယ်သော်တာစန်းက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် Miss Earth 2024 ပြိုင်ပွဲကြီးကို လာမယ့် အောက်တိုဘာလ ၂၁ ရက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်မှာဖြစ်တယ်လို့ သိရပါတယ်။

“ညီမကလည်း Miss Earth စပြိုင်မှာမို့ အစစ အရာရာ National Costume ပျောက်ဆုံးနေတဲ့ ရိုးရာလေးတစ်ခုနဲ့မြန်မာနိုင်ငံက ယဉ်ကျေးမှုတစ်ခုပေါ့ အမက စဉ်းစားပေးထားပါတယ်။ သွားရမယ့် လမ်းကြောင်းတစ်လျှောက်အမက ယုံယုံကြည်ကြည်နဲ့ရွေးချယ်ထားတာဖြစ်တဲ့အတွက် ညီမကလည်းအကောင်း‌ဆုံး ကြိုးစားသွားပါမယ်”လို့ Miss Earth Myanmar 2024 အလှမယ်သော်တာစန်းက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာ မက္ကဆီကိုနိုင်ငံမှာကျင်းပမယ့် ၇၃ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို ယှဥ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု Miss Universe Myanmar 2024 အလှမယ်သက်စံအန်တာစံက အောက်တိုဘာ ၂၂ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က စတင်ထွက်ခွာ‌ သွား‌ရောက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *