October 10, 2024

၁၀.၁၀.၂၀၂၄
Written by Zun

AA သိမ်းထားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ယနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန်က လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် သေဆုံးသူများရှိနေကြောင်း သိရသည်။

လေကြောင်းမှဗုံးကြဲခဲ့သောကြောင့် ကျောက်တော်မြို့မဈေးအနီးနှင့် အထက (၂) စာသင်ကျောင်းဝင်းအတွင်းတို့ ကို ကျရောက်ခဲ့သောကြောင့် AA အဖွဲ့ဝင်များအပါအဝင် သေဆုံးသူအနည်းဆုံး ၁၀ ဦးထက်မနည်းရှိကာ ဒဏ် ရာရသူများလည်းရှိကြောင်းသိရသည်။

“ကျောက်တော်ကို ဖုန်းလိုင်းတွေ သိပ်မကောင်းဘူး။ ကျွန်တော့်မိတ်ဆွေက အဲဒီမှာရှိနေတယ်။ ဒီနေ့ညနေက ဗုံးကြဲတာ AA အခြေချတဲ့ စာသင်ကျောင်းကိုချတာ။ ကျွန်တော်ကတော့ ကျောက်တော်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ကပဲ ရန်ကုန်ကို ပြောင်းလာခဲ့တာ။ ဒီနေ့ ကျွန်တော်သိရသလောက်က သေတဲ့သူနဲ့ဒဏ်ရာရာသူတွေများတယ်။ အခုရက်ပိုင်းမှာ AA သိမ်းထားတဲ့မြို့ရွာတွေ၊ AA က ရုံးဖွင့်အခြေချနေတဲ့နေရာတွေ ဗုံးကြဲခံရတာများလာတယ်။ AA သိမ်းထားပြီဆိုရင် ပျော်နေကြတဲ့ ရခိုင်သူရခိုင်သားတွေအနေနဲ့ AA သိမ်းထားတဲ့မြို့ရွာတွေမှာ နေရတာ AAက ဘယ်လောက်လုံခြုံမှုပေးနိုင်သလဲလို့ ကျွန်တော်မေးချင်တယ်။ ပြီးတော့ အဲဒီသိမ်းထားတဲ့ နေရာတွေမှာ AA က သေသေချာချာလုပ်နိုင်ရဲ့လား။ အခုလို လေကြောင်းက တိုက်ခိုက်ခံရတာ ဘာကြောင့်ဆိုတာကို ကျွန်တော်တို့ရခိုင်သူ ရခိုင်သားတွေ စဉ်းစားဖို့လိုနေပါပြီ”ဟု ရန်ကုန်နေ ကျောက်တော်ဇာတိ ရခိုင်တိုင်းရင်းသားတစ်ဦးက MT News ကို ပြောသည်။

ယင်း ဗုံးကြဲခံရပြီးနောက် ထိခိုက်သေဆုံးသူများကို လူနာတင်ယာဉ်များဖြင့် AA ဘက်က ယင်းတို့တပ်သား များကို ကုသပေးနေသည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီခွဲခန့်က လည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် တောင်ဖူး၊ သဲခု၊ မင်းတဲနှင့် တောင်ဦးမော်ကျေးရွာဒေသဘက်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်၊ အိုင်ဒင်၊ မြောင်ကြီး၊ ပန်းနီ လာ ဘက်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

AA က ယင်းတို့အနေဖြင့် ရခိုင်ပြည်နယ်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ သံတွဲ၊ စနဲ၊ မအီ၊ကမ်းထောင့်ကြီးနှင့် တောင်ပြိုလက်ဝဲတို့ကို သိမ်းထားကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ သိမ်းထားသည်ဆိုသည့်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်တိုက် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *