October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားလျက်ရှိနေသည့်တင်းမာမှုများကို ဖြေလျှော့ရန် သက်ဆိုင်သည့် နိုင်ငံများကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ် Li Qiang တို့ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သော အစည်းဝေးအတွင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတက “ကျွန်တော်တို့ဟာ နှောင့်ယှက်ခြိမ်းခြောက်တာတွေ ဆက်လက်ခံနေရဆဲဖြစ်ပါတယ်။ နိုင်ငံအဖွဲ့အစည်းအားလုံးဟာ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ မတူကွဲပြားမှုတွေကို စီမံခန့်ခွဲနိုင်အောင် ရိုးသားပွင့်လင်းမှုနဲ့အတူ လုပ်ကိုင်ရမယ်”ဟု ပြောသည်။

တရုတ်စစ်သင်္ဘောများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ တောင်တရုတ်ပင်လယ်တွင် ပိုင်နက်နယ်မြေအငြင်းပွားနေပြီး ထိပ်တိုက်တွေ့ဆုံမှုများ၊ တင်းမာမှုများရှိခဲ့ပြီးနောက် အာဆီယံထိပ်သီအစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အစိုးရက တရုတ်စစ်သင်္ဘောသည် ဗီယက်နမ်ငါးဖမ်းသင်္ဘောများကို တောင်တရုတ်ပင်လယ်အတွင်း တိုက်ခိုက်ခြင်းများရှိခဲ့ပြီး ငါးဖမ်းသမား သုံးသီး အရိုးများကျိုးမှုအပါအဝင် ငါးဖမ်းသမား ၁၀ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ပြီးခဲ့သောသီတင်းပတ်တွင် စွပ်စွဲပြောဆိုခဲ့ဖူးသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဖာဒီနန်မာကိုစ့် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အမေရိကန်နိုင်ငံနှင့်နီးစပ်မှုများ ပိုမိုရှိလာခဲ့ရာ တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မောင်းထုတ်ခြင်းများ၊ ထိပ်တိုက်တွေ့ဆုံခြင်းများ မကြာခဏဖြစ်ပွားခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအများစုကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုထားရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် ပိုင်နက်နယ်မြေအငြင်းပွားခြင်းများရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတက ” တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်စစ်သင်္ဘောတွေက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သင်္ဘောတွေကို ဝင်တိုက်တာ၊ မောင်းထုတ်တာတွေ ထပ်မံ မဖြစ်အောင် တားဆီးဖို့ လိုအပ်တဲ့အစီမံတွေကိုချမှတ်ရမှာဖြစ်သလို စုစည်းညီညွတ်စွာဝိုင်းဝန်းကြိုးပမ်းရမယ်။” ဟုပြောသည်။

REF, bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *