October 10, 2024

၁၀.၁၀.၂၀၂၄
Written By Thandar

တေးသံရှင် ချန်ထူးရဲ့ ကိုယ်ပိုင်ခံစားချက်သံစဉ်တွေပါဝင်တဲ့ “ဇာမဏီ‌” CD , DVD မိတ်ဆက်အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ The Rock by ColorStones Bar & Restaurant မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်ငယ်ငယ်လေးကတည်းက ဇာမဏီငှက်ကို ဒဏ္ဍာရီ‌တွေထဲမှာ သဘောကျခဲ့တယ်။ ဇာမဏီငှက်တွေကသူ့မှာ အခက်အခဲတွေရှိလည်း သူသွားချင်တဲ့နေရာကို ရောက်အောင် သွားကြတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ အခက်အခဲမျိုးစုံကနေ ကျော်ဖြတ်ပြီးတော့ ဂီတကို တကယ်ဝါသနာပါတဲ့အတွက် ဒီအခွေလေးတွေကို ရအောင် ကြိုးစားပြီး ထွက်ခဲ့တာပါ။ ငယ်ငယ်လေးကတည်းက အနုပညာကို ရူးသွပ်ခဲ့တယ်။ ဒီအခွေလေးကိုလည်း ကျွန်တော် အားရတယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်သံစဉ် သီချင်းတွေကို အားပေးကြပါဦး”လို့ တေးသံရှင် ချန်ထူးက MT Entertainment ကို ပြောပါတယ်။

သူ့ရဲ့ ဇာမဏီ သီချင်းခွေ မိတ်ဆက်ပွဲကို တေးသံရှင် ညီမင်းခိုင်၊ သရုပ်ဆောင် အားကိုးရာ ၊ တေးသံရှင် မောင်ကြီး (ခေတ္တလူ့ပြည်) နဲ့အတူ တေးရေးဆရာတွေ တေးသံရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ တေးရေးအနေနဲ့ ဆာအို၊ ဖိုးအီ၊ မောင်ကြီး(ခေတ္တလူ့ပြည်)၊ ညီမင်းခိုင်၊ မိချမ်း၊ ဌေးလင်း၊ ကိုဂျိမ်း၊ ZERO ၊ ဖိုးကျော် (PK) ၊ ချန်ထူးတို့ ရေးသားထားတဲ့ တစ်ဘဝလုံးအတွက်၊ အမှန်တိုင်းပဲ ပြောတာပါ၊ စိတ်ကူးနဲ့ မျောလွင့်ခဲ့၊ ငိုနေတဲ့ သူငယ်ချင်း၊ ခြေဦးတည့်ရာ အလွမ်း၊ ပြန်ဆုံဖြစ်ခဲ့ရင်၊ အတိတ်ပုံပြင်၊ ရင်ထဲရှိသမျှ ၊ မင်းမှန်ပါတယ်၊ အချစ်၊ မေဘရဏီ၊ အပေအတေ အစရှိတဲ့ တေးသီချင်းများစွာ ပါဝင်ပါတယ်။

ဇာမဏီသီချင်းခွေကို ၂၀၁၈ ခုနှစ်က ထွက်ရှိဖို့ပြင်ဆင်ခဲ့ပေမယ့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မထွက်ရှိနိုင်ခဲ့ဘဲ အခုအချိန်မှ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

CD , DVDအပြင် သီချင်းစာအုပ်ပါ ပါဝင်တဲ့ “ဇာမဏီ” ခွေကို ကျပ် ၅၀၀၀ နှုန်းနဲ့ အောက်တိုဘာ ၁၇ ရက်မှာ Master တေးသံသွင်းက မြန်မာတစ်နိုင်ငံလုံး ဖြန့်ချိမှာဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *