October 10, 2024

၁၀. ၁၀. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကိုလိုလားပြီး အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြောကြားလိုက်သည်။

အဆိုပါပြောကြားမှုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief’s Meeting) သို့ တက်ရောက်ကြမည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ယနေ့ လာရောက်ဂါဝရပြုတွေ့ဆုံချိန် ပြောကြားခဲ့ခြင်းဖြစ်သည်။

SAC ဥက္ကဋ္ဌထံ လာရောက်ဂါဝရပြုကြသူများမှာ (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့တက်ရောက်ကြမည့် ဘရူးနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံချိန် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံဒေသအတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်သင့်သည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအတွေ့အကြုံများကို အပြန်အလှန်ဖလှယ်နိုင်ရေးကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အာဆီယံရေတပ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို SAC ဥက္ကဋ္ဌက ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကိုလိုလားကြောင်း၊ ဆက်လက်၍ အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မြဲအောင် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၈) ကြိမ်မြောက်အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်လာကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *