October 10, 2024

၁၀. ၁၀. ၂၀၂၄
Written by Tha Doe

မြန်မာသင်္ဘောသား ၁၁ ဦးထက်မနည်းရောက်ရှိနေတဲ့ယူကရိန်းနိုင်ငံ၊ Odesa မြို့က ပင်လယ်ဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၉ ရက်)က ရုရှား တိုက်ခိုက်မှုမှာ လူ ၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေနဲ့ မြန်မာသင်္ဘောသားရပ်ဝန်းက ဖော်ပြမှုတွေအရ သိရပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa ဒေသက ဆိပ်ကမ်းအခြေခံအဆောက်အအုံကို ရုရှားက ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လူ ၈ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ Odesa ဒေသအုပ်ချုပ်ရေးမှူး Oleh Kiper က ပြောကြားခဲ့သလို ဒဏ်ရာရသူအားလုံးက ယူကရိန်းနိုင်ငံသားတွေဖြစ်တယ်လို့လည်း Kiper က အတည်ပြုခဲ့ပြီး လေးဦးကတော့ ဒဏ်ရာပြင်းထန်တယ်ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပနားမားအလံတင် ကွန်တိန်နာသင်္ဘော Shui Spirit ဟာလည်း ပျက်စီးသွားခဲ့တယ်လို့ လက်ထောက်ဝန်ကြီးချုပ် Oleksiy Kuleba က ပြောခဲ့သလို တတိယအကြိမ်တိုက်ခိုက်မှုဖြစ်တဲ့ Chornomorsk ဆိပ်ကမ်းကို အခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ လေးရက်အတွင်း ယူကရိန်းဒေသတွင်းမှာ ရုရှားရဲ့ တတိယမြောက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းမှာ တနင်္လာနေ့က ရုရှားနိုင်ငံထုတ် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ပြီး ယူကရိန်းနိုင်ငံသားတစ်ဦး သေဆုံးကာ နိုင်ငံခြားသားငါးဦး ဒဏ်ရာရရှိခဲ့သလို တနင်္ဂနွေနေ့မှာလည်း ရုရှားဒုံးကျည်တစ်စင်းက Pivdennyi ဆိပ်ကမ်းမှာ ပြောင်းဖူးတင်ဆောင်လာတဲ့ သင်္ဘောတစ်စီးလည်းပျက်စီးခဲ့ပါတယ်။

ယူကရိန်း ရုရှားက စစ်ဖြစ်ပွားပြီး မကြာခင်မှာ တူရကီက ကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်အရ ယူကရိန်း ဆိပ်ကမ်းတွေကနေ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေကို ရုရှားက မတိုက်ခိုက်ဘဲ ပုံမှန်လည်ပတ်နေပေမဲ့ လက်ရှိအချိန်မှာတော့ တိုက်ခိုက်ခံလာရတာဖြစ်ပါတယ်။

Odesa က Chornomorsk ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ သင်္ဘောတွေထဲ မြန်မာသင်္ဘောသားတွေပါတဲ့ သင်္ဘောတစ်စီးက ရုရှားဒုံးကျည်ထိခဲ့ပြီး Supervisor တစ်ဦးသေဆုံးခဲ့ပေမဲ့ လိုက်ပါလာတဲ့ မြန်မာသင်္ဘောသားတွေ ဘေးကင်းသလို မြန်မာသင်္ဘောသား ၁၁ ဦးလည်းရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်အထိ ပစ်ခတ်မှုတွေလည်းရှိနေပြီး ဆိပ်ကမ်းက ထွက်ခွာမရသေးလို့ ဂရုတစိုက်နေထိုင်နေရတယ်လို့ Myanamr Seaman Union က သင်္ဘောသားတွေက အချင်းချင်း မျှဝေ သတိပေးနေကြပါတယ်။

ပုံစာ။ မြန်မာသင်္ဘောသားများပါဝင်သော သင်္ဘော ရုရှားဒုံးကျည်ထိမှန်ထားမှုမြင်ကွင်း။

Ref,Photo – Trade Winds & The Moscow Times & Aung Kyaw Phyo

Leave a Reply

Your email address will not be published. Required fields are marked *